မုံရွာ ဇွန် ၁၂
၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဗဟိုအဆင့်ပြိုင်ပွဲကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် နေပြည်တော်၌ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ရာ စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် မြို့နယ်အဆင့်ပြိုင်ပွဲများကို ဇူလိုင်လတတိယပတ်တွင်လည်းကောင်း၊ ခရိုင်အဆင့်ပြိုင်ပွဲများကို ဩဂုတ်လအတွင်းတွင်လည်းကောင်း၊ တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲကို စက်တင်ဘာလပထမပတ်တွင်လည်းကောင်း ကျင်းပဆောင်ရွက်သွားမည်ဖြစ်ရာ မုံရွာခရိုင်အတွင်းရှိ တက္ကသိုလ်/ကောလိပ်၊ အခြေခံပညာအဆင့်ကျောင်းများမှ ကျောင်းသား/ကျောင်းသူများအပါအဝင် အနုပညာရှင်များနှင့် ဝါသနာရှင်များအားလုံး ခရိုင်အဆင့်ပြိုင်ပွဲများ ကျင်းပပြုလုပ်ရာတွင် အဆင့်အလိုက်၊ ဘာသာရပ်အလိုက် တန်းစုံပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲအား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မုံရွာခရိုင်အဆင့် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ မုံရွာခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးက အစည်းအဝေးသို့ တက်ရောက်လာကြသူများအနေဖြင့် မိမိတို့ ဆပ်ကော်မတီအလိုက် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရမည့်အခြေအနေနှင့်စပ်လျဥ်းပြီး ယမန်နှစ်အတွေ့အကြုံများထဲမှ လုပ်ငန်းအားသာချက်များကို ဆက်လက်ထိန်းသိမ်းနိုင်ရေးနှင့် အားနည်းချက်များကိုလည်း ကြိုတင်ရှောင်ရှားသတိပြုကြရန်နှင့် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲကြီးကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးနှင့် မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးအဆင့်မှ အနုပညာရှင်များနှင့် ဝါသနာရှင်များအားလုံး ဗဟိုအဆင့်အထိ ပါဝင်ယှဥ်ပြိုင်နိုင်ကာ မျိုးဆက်သစ်ဂုဏ်ဆောင် ထူးချွန်ဆုများရရှိအောင် အားလုံးပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်အဆင့် ကျင်းပရေးဦးစီးကော်မတီနှင့် အထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဆပ်ကော်မတီ (၁၁)ခုတို့က သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်မည့်အခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် မုံရွာခရိုင်အဆင့် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ မုံရွာခရိုင်အဆင့် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဆပ်ကော်မတီ (၁၁)ခုမှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော သဘင်အနုပညာရှင်များ၊ မုံရွာခရိုင်အတွင်းရှိ တက္ကသိုလ်/ကောလိပ်များမှ တာဝန်ခံ ဆရာ၊ ဆရာမများ၊ အခြေခံပညာကျောင်းများမှ ဆရာကြီး၊ ဆရာမကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)