မြဝတီမြို့၌ ဆန် လက်လီ/လက်ကားအရောင်းဆိုင်များ၏ ရောင်းချနေမှု ကွင်းဆင်းစစ်ဆေး

မြဝတီ ဇွန် ၁၃

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ  ဆန်လက်လီ/လက်ကား အရောင်းဆိုင်များတွင် ဆန်များပြတ်လပ်မှုမရှိစေရေးအတွက် ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထို့သို့ကွင်းဆင်းဆောင်ရွက်ရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်မိုးကို ဦးဆောင်မှုဖြင့် ပူးပေါင်းအဖွဲ့တို့သည် ပြည်သူများသို့ နေ့စဉ်လက်လီ /လက်ကား  ရောင်းချပေးလျက်ရှိသည့် ဆန်ဆိုင်များတွင် ကုန်ဈေးနှုန်းတည်ငြိမ်မှုရှိရေး၊ ဆန်လက်ကျန်နည်းပါးပြီး ပြတ်လပ်မှုမရှိစေရေးအတွက် စစ်ဆေးရာ၌ ဆန်ဆိုင်များအနေဖြင့် ပြတ်လပ်မှုမရှိသော်လည်း ရောင်းချပေးရာ၌ ပြည်သူများအားလုံး ဝယ်ယူနိုင်ရန် သင့်တင့်သည့် ဆန်အရေအတွက်ကိုသာ ရောင်းချပေးလျက်ရှိကြောင်းနှင့် မိုးရာသီကာလ မိုးရွာသွန်းမှုများခြင်းတို့ကြောင့် လမ်းပန်းဆက်သွယ်ရေးအရ ဆန်များသယ်ယူရာတွင် ရောက်ရှိမှု အချိန်အတိုင်းအတာအနည်းငယ် ခက်ခဲမှုရှိနေခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း(မြဝတီ)