မြောင်းမြ ဇွန် ၁၃
ဧရာဝတီတိုင်းဒသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် နှစ်စဉ် ဇွန်လ (၁၂) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲများကို ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြောင်းမြမြို့၊ အမှတ်(၃)အခြေခံပညာအထက်ကျောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးသန့်မြင့်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က "ကလေးအလုပ်သမားပပျောက်ရေး ဝိုင်းဝန်းကူညီစောင့်ရှောက်ပေး" ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။ အဆိုပါဟောပြောပွဲအပြီးတွင် မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဟောပြောပွဲများ၊ စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲများသင်တန်းများ၊ စာဖတ်ဝိုင်းများနှင့် အသိပညာပေး Talk Show ပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇေယျာ (ပြန်/ဆက်)