ပန်းတနော်မြို့နယ်၌ ငါးရစ်ငါးသန်ကာလ ငါးဖမ်းဆီးခြင်းမပြုလုပ်ရန် အသိပညာပေးဆောင်ရွက်

ပန်းတနော် ဇွန် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် ငါးသယံဇာတ ပြုန်းတီးမှုမဖြစ်ပေါ်စေရေး ငါးရစ်ငါးသန်ကာလ ငါးဖမ်းဆီးခြင်းမပြုလုပ်ကြရန် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ အသိပညာပေးဟောပြောခြင်းနှင့် လိုက်လံအသိပေးနှိုးဆော်ခြင်းများကို ယနေ့နံနက်ပိုင်းက ဒေါင့်ကြီးကျေးရွာနှင့် ကဇင်းငူကျေးရွာရှိ ဧရာဝတီမြစ်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပန်းတနော်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးတင်ဝင်းထွဋ်နှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ် ရေးမှူးနှင့်အဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့် ရေလုပ်သားများအား ယခုအခါ ငါးရစ်ငါးသန်ကာလဖြစ်သည့် မေ၊ ဇွန်၊ ဇူလိုင်လများတွင် ငါးများမိတ်လိုက် ဥချသားပေါက်သော ရာသီချိန်ဖြစ်သဖြင့် ရေချိုငါးလုပ်ငန်းရေပြင်တွင် ငါးဖမ်းဆီးခြင်းနှင့် ဘတ္ထရီရှော့တိုက်ငါးဖမ်းဆီးခြင်းများ မပြုလုပ်ကြရန် ဒေါင့်ကြီးကျေးရွာနှင့် ကဇင်းငူကျေးရွာတို့ရှိ ဧရာဝတီမြစ်အတွင်း အသံချဲ့စက်ဖြင့်လိုက်လံအသိပေးနှိုးဆော်ခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော် (ပြန်/ဆက်)