ပြည်မြို့နယ် အရှေ့ပေါက်တောကျေးရွာ၌ ကျေးရွာစာကြည့်တိုက်အသစ် ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်

ပြည် ဇွန် ၁၂

ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်အတွင်း ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများဆောင်ရွက်လျက်ရှိရာ ပြည်မြို့နယ်၊ ပေါင်းတလည်မြို့၊ အရှေ့ပေါက်တောကျေးရွာ၌ "ထာဝရအမွေ ဇာတိမြေ" ကျေးရွာစာကြည့်တိုက်အသစ် ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် လက်ရှိစာကြည့်တိုက်အဆောက်အဦရှေ့မျက်နှာစာ၌ မြေသားနိမ့်ကျနေမှုအား ပေါင်းတလည်မြို့အုပ်ချုပ်ရေးမှူးက မြေသားညှိနိုင်ရေး ကူညီဆောင်ရွက်ပေးကြောင်းနှင့် တိုင်းဒေသကြီးစာကြည့်တိုက်ဖောင်ဒေးရှင်းနှင့် ပြည်တက္ကသိုလ်အပါအဝင် ပြည်မြို့ရှိစာအုပ်ဆိုင်များနှင့် ရပ်ရွာပြည်သူများက စာကြည့်တိုက်အတွက် စာအုပ်စောင်များနှင့် စားပွဲ၊ ထိုင်ခုံ၊ ဗီဒိုနှင့်စာအုပ်စင် စသည့်စာကြည့်တိုက်ပရိဘောဂများ လှူဒါန်းပေးကြကြောင်းသိရသည်။

အဆိုပါကျေးရွာစာကြည့်တိုက်အသစ်ဖြစ်မြောက်ရေးအတွက် ယင်းကျေးရွာရှိ ကွက်သစ်ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာ‌တော်က အလျား‌ ပေ၂၀၊ အနံပေ ၃၀ရှိ မြေနေရာလှူဒါန်းပေးပြီး ရန်ကုန်မြို့မှ အလှူရှင်အငြိမ်းစားရှေ့နေမိသားစုက ပေ၂၀ ပတ်လည် သွပ်မိုး/တစ်ထပ်အုတ်ပတ်ကား အဆောက်အဦသစ် ဆောက်လုပ်မတည်လှူဒါန်းထားခြင်းဖြစ်ကာ ယင်းစာကြည့်တိုက်အသစ်အား မကြာမီဖွင့်လှစ်နိုင်ရေးအတွက် ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာကြည့်တိုက်ကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်စာရေးဆရာအသင်း၊ ရပ်မိရပ်ဖများနှင့် ကျေးရွာစာသင်ကျောင်းတို့က ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုဆက် (ပြန်/ဆက်)