ကသာမြို့တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားပြုလုပ်

ကသာ ဇွန်၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဌ ဒုတိယဗိုလ်မှူးကြီးရဲဝင်းလွင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာပဒေသာဝေဆာစေမည် Video Clipအား ပြသခဲ့သည်။ ဆက်လက်၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှအလှူငွေများ၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့နှင့် မြို့နယ်စာရေးဆရာအသင်းတို့မှ စာအုပ်စာစောင်များပေးအပ်လှူဒါန်းရာ မြို့နယ်ပညာရေးမှူးနှင့် အ.ထ.က (၁) ကျောင်းအုပ်ဆရာမကြီးတို့မှ လက်ခံရယူခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များကို ကြည့်ရှုကြပြီး ကျောင်းစာကြည့်တိုက်အတွင်း ကျောင်းသား/ ကျောင်းသူများစာပေဖတ်ရှုလေ့လာနေမှုတို့ကိုလည်းကောင်း၊ ကျောင်းသား/ကျောင်းသူများ၏ စကားပုံဆက်ပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲပြုလုပ်နေမှုတို့ကိုလည်းကောင်း အားပေးကြည့်ရှုကြပြီး အမှတ်တရဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီးရဲဝင်းလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဌ ဗိုလ်မှူးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်း သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)