ပဲခူး ဇွန် ၁၂
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇွန် ၁၀ ရက်နေ့ညပိုင်းက ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ နိုင်ငံတော်အဆင့် ပညာရေးကဏ္ဍနှင့် သုတေသနစာတမ်းဖတ်ပွဲ ပထမဆုရရှိခဲ့မှုပေါ် ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း မိခင်နှင့်ကလေးများ၊ မိသားစုများ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးနှင့် လူမှုရေးစောင့်ရှောက်မှုလုပ်ငန်းများကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအထိ အကျိုးပြုနိုင်သော ကျန်းမာကြံ့ခိုင်ပြီး ပညာပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်အောင် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိသည့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့အား အထူးပင်ဂုဏ်ပြုအသိအမှတ်ပြုပါကြောင်း၊ မြန်မာနိုင်ငံတွင် လူဦးရေ(၅၄)သန်းကျော်အနက် (၆၀)ရာခိုင်းနှုန်းကျော်သည် မိခင်နှင့်ကလေးများဖြစ်ကြပြီး မိခင်သေနှုန်း၊ မွေးကင်းစတစ်နှစ်အောက်နှင့် ငါးနှစ်အောက်ကလေးသေနှုန်းများသည် နိုင်ငံတော်အတွက် အရေးကြီးသည့် ညွှန်းကိန်းတစ်ခုဖြစ်နေသဖြင့် တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့အနေဖြင့် သားဖွားခန်း(၇)ခန်းဖွင့်လှစ်၍ မိခင်နှင့်ကလေးအန္တရာယ်ကင်းစွာမွေးဖွားပေးခြင်း၊ မွေးဖွားမိခင်စောင့်ရှောက်ခြင်းတို့အပြင် ပညာရေးကဏ္ဍတွင်လည်း (၅)နှစ်အောက်ကလေးများ ပြုစုစောင့်ရှောက်ရန် မူကြိုကျောင်း(၁၉)ကျောင်းတွင် ကလေးငယ်(၂၇၀)ဦးအား ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိသည့်အတွက် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်း၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များအနေဖြင့် အဓိကလုပ်ငန်းများဖြစ်သည့် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် အသင်း၏ ရှေ့လုပ်ငန်းစဉ်များကို ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် အသိပညာ၊ အတတ်ပညာများအား လေ့လာဆည်းပူး၍ ကိုယ်တိုင်ကျင့်တစ်ဆင့်ပွားက မိခင်နှင့်ကလေးဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ဌာနဆိုင်ရာများ၊ နှီးနွယ်အသင်းအဖွဲ့များနှင့် ပေါင်းစပ်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့က ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကျန်းမာရေးဆိုင်ရာစာတမ်းတွင် ပထမဆုရရှိခဲ့သည့် ဒေါက်တာသီဟ၊ ပညာရေးဆိုင်ရာလှုပ်ရှားမှုများတွင် ထူးချွန်ပထမဆုရရှိသည့် တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြင့်သီတာ၊ ပေါင်တည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဦးထွန်းဝင်းလတ်နှင့် ဇီးကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဦးသိန်းလှိုင်တို့အား ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ရာ ဒေါက်တာသီဟနှင့် ဒေါ်နန်းမြင့်သီတာတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ဂုဏ်ပြုဆုရရှိသူများအား ညစာတည်ခင်းဧည့်ခံကျွေးမွေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့က ညစာသုံးဆောင်နေစဉ် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ဖျော်ဖြေရေးအဖွဲ့များအား အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)