မုံရွာ ဇွန် ၁၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း (မုံရွာမြို့)မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သူ (၁)နှစ်သင်တန်းနှင့် လက်ရက်ကန်း(၆)လသင်တန်းတို့ကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းများအား မြန်မာ့ရိုးရာရက်ကန်းပညာရပ်များ မတိမ်ကော၊ မပပျောက်စေရန်အတွက် ထိမ်းသိမ်းစောင့်ရှောက်ရန်၊ ရက်ကန်းဆိုင်ရာပညာရပ်များ စနစ်တကျပြန့်ပွားစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းရရှိစေခြင်းဖြင့် တစ်ဦးချင်းဝင်ငွေ၊ မိသားစုဝင်ငွေရရှိစေရန်၊ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများ ပေါ်ထွက်လာစေရန်၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးလျက်ရှိသည်။
သင်တန်းများသို့ တက်ရောက်လိုသူများအနေနဲ့ အခြေခံပညာမူလတန်းအဆင့်အောင်မြင်ပြီး အသက် ၁၆ နှစ်မှ ၂၅ နှစ်အတွင်းရှိသူများ မည်သူမဆိုတက်ရောက်နိုင်ပြီး သင်တန်းကာလတစ်လျှောက် သဘာဝဆေးဆိုးခြင်း၊ ဓာတုဗေဒဆေးဆိုးခြင်း၊ အမျှင်အမျိုးမျိုးအကြောင်း၊ စက်ရက်ကန်း၊ လက်ရက်ကန်း၊ စက်နှင့်ချည်မျှင်ဆွဲခြင်း၊ လက်နှင့်ချည်မျှင်ဆွဲခြင်း၊ အထည်ဒီဇိုင်းဖန်တီးခြင်းစတဲ့ ဝါမှအထည် ဖြစ်သည်အထိအဆင့်ဆင့်ကို စာတွေ့ရော၊ လက်တွေ့ပါသင်ကြားပေးသည့်အပြင် အခြေခံစက်ချုပ်ပညာရပ်ကိုလည်း ပူးတွဲသင်ကြားပေးလျက်ရှိသည်။
ထို့အပြင် သင်တန်းတွင် သင်တန်းသား သင်တန်းသူတစ်ဦးကို တစ်လလျှင် ပညာသင်စရိတ်အဖြစ် တစ်လ ၃၀၀၀၀ ကျပ် ပေးအပ်ပြီး၊ အဆောင်နေထိုင်မည့်သင်တန်းသား သင်တန်းသူများအတွက် နေထိုင်ရေး၊ စားသောက်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများအပြင် သင်တန်းကြေးအခမဲ့ဖြစ်ပြီး သင်တန်းမှာအသုံးပြုမဲ့ လက်သုံးကိရိယာများ၊ ကုန်ကြမ်းပစ္စည်းများအား အခမဲ့သုံးစွဲနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်သူသင်တန်းအတွက် အခြေခံပညာအလယ်တန်းအောင်မြင်ပြီးသူများ တက်ရောက်နိင်ပြီး လက်ရက်ကန်း(၆)လသင်တန်းအတွက် အခြေခံပညာမူလတန်းအောင်မြင်ပြီးသူများ ဒုတိယအကြိမ်အဖြစ် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့တွင် သင်တန်းဖွင့်လှစ်မှာဖြစ်တဲ့အတွက် တက်ရောက်နိုင်ပါကြောင်းနှင့် သင်တန်းတက်ရောက်လိုသူများ ဒေါ်နခြံရပ်ကွက်၊ ဗိုလ်ချုပ်လမ်းဘေးရှိတဲ့ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(မုံရွာ)မှာ လာရောက်စာရင်းပေးသွင်းနိုင်ပြီး ၀၉-၄၂၀၇၁၅၈၉ ကိုဆက်သွယ်၍ သိလိုတာများလည်း မေးမြန်းစုံစမ်းနိုင်ပါကြောင်းနှင့် သင်တန်းများပြီးဆုံးပါက အလုပ်အကိုင်ရရှိစေရန် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း ကျောင်းအုပ်ဒေါ်ခိုင်ခိုင်မိုးထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)