ပွင့်ဖြူမြို့နယ်၌ ၂၀၂၄-၂၀၂၅ မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးသီးနှံစုံဧက တစ်သိန်းကျော် လျာထားစိုက်ပျိုး ဆောင်ရွက်သွားမည်

ပွင့်ဖြူ ဇွန် ၁၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ၂၀၂၄-၂၀၂၅ မိုးသီးနှံစိုက်ပျိုးရာသီတွင်  ဒေသခံတောင်သူများက စားနပ်ရိက္ခာ ဖူလုံစေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရန်အတွက် မဲဇလီရေလွှဲဆည်ရေကို အမှီပြု၍ မိုးသီးနှံစိုက်ဧက တစ်သိန်းကျော် လျာထားစိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် နှစ်စဉ် မိုးသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲ ဆည်ရေကို အမှီပြု၍ စပါး၊ နှမ်း၊ မြေပဲ၊ နေကြာ၊ ပဲတီစိမ်း၊ ပဲကြီး၊ ပဲစင်းငုံ၊ ဖူးစားပြောင်း၊ နှံစားပြောင်း စသည့် သီးနှံများကို စီးပွားဖြစ် အားထားစိုက်ပျိုးလုပ်ကိုင်ကြပြီး ဒေသခံတောင်သူများကို မိုးသီးနှံအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်း မြောင်းမကြီးတို့မှတစ်ဆင့် စိုက်ပျိုးရေနှင့် သီးနှံအောင်ရေ လုံလောက်စွာ ရယူသုံးစွဲနိုင်အောင် သီးနှံစိုက်ခင်းများအရောက် စနစ်တကျ ဖြန့်ဖြူးပေးဝေသည့်အတွက် သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။ 

ယခု ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင်လည်း ဒေသခံတောင်သူများက စားနပ်ရိက္ခာ ဖူလုံစေရန်နှင့် သီးနှံဝင်ငွေ တိုးပွားစေရန်အတွက် မဲဇလီရေလွှဲဆည်ရေဖြင့် စပါးသီးနှံ (၆၉၉၄၄) ဧက၊ နှမ်းသီးနှံ (၁၃၃၉၅) ဧက၊ မြေပဲသီးနှံ (၁၆၆၁) ဧက၊ နေကြာသီးနှံ (၉၃၀) ဧက၊  ဖူးစားပြောင်းသီးနှံ (၁၃၁၉) ဧက၊ ပဲတီစိမ်းသီးနှံ (၆၂၈၃) ဧက၊ ပဲစင်းငုံသီးနှံ (၈၃၅) ဧက၊ ပဲကြီးသီးနှံ (၃၄) ဧက၊ အခြားပဲသီးနှံ (၁၉၅) ဧက၊ မိုးချည်မျှင်ဝါ (၅၈၀၀) ဧက၊  ကြံသီးနှံ (၈) ဧက၊ စားဖိုဆောင်သီးနှံ (၁၄၇၂) ဧက၊ ကျွဲနွားတိရစ္ဆာန်အစာ (၂၄၃၄) ဧက၊ ပိုက်ဆံလျှော် (၂၀) ဧက၊ ကွမ်း (၅၂) ဧက၊ ထန်း (၂၂၂) ဧက၊  အထွေထွေစားသုံးသီးနှံ (၁၄၃) ဧက၊ အခြားသီးနှံ (၃၆၅၇) ဧက၊ စုစုပေါင်း မိုးသီးနှံစုံဧက (၁၀၈၄၀၄) ဧက လျာထား စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။  

ဒေသခံတောင်သူများက မိုးသီးနှံလျာထားဧက ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် မေလအတွင်းက ရွာသွန်းခဲ့သည့် မိုးဖြင့် မိုးသီးနှံများကို စတင်စိုက်ပျိုးလျက်ရှိပြီး ယနေ့အထိ မိုးသီးနှံစိုက်ပျိုးပြီးစီးမှုအနေဖြင့် နှမ်း (၁၃၂၃) ဧက၊ နေကြာ (၁၇) ဧက၊ ကြံ (၈) ဧက၊ ထန်း (၂၂၂) ဧက၊ ကွမ်း (၅၂) ဧက၊ ဟင်းသီးဟင်းရွက် (၃) ဧက၊ ကျွဲနွားတိရစ္ဆာန်အစာပင် (၁၃) ဧက၊ အခြား စားသုံးသီးနှံပင် (၂၅၃၃) ဧက၊ အထွေထွေသီးနှံ (၈၄၈) ဧက၊ စုစုပေါင်း မိုးသီးနှံစုံ (၅၀၁၉) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မိုးသီးနှံများစိုက်ပျိုးရာ၌ သီးနှံအထွက်နှုန်းကောင်းမွန်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နယ်မြေအလိုက် ကွင်းတာဝန်ခံများက အနီးကပ်ကြီးကြပ်ကာ လိုအပ်သော စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများနှင့် စိုက်ပျိုးရေးသွင်းအားစုပစ္စည်း အချိုးကျသုံးစွဲနည်းစနစ်များကို ပံ့ပိုးကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )