တောင်တွင်းကြီး ဇွန် ၁၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးဆောင်မှုဖြင့် စက်စက်ယိုချောင်း ပြန်လည်တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးလျှင် ရေပေးမြောင်းငယ်များအား ဆက်လက်တူးဖော်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် စက်စက်ယိုချောင်းအား အပိုင်သုံးပိုင်းခွဲ၍ တူးဖော်လျက်ရှိပြီး ရေပေးမြောင်းငယ်များကိုလည်း ဆက်လက်တူးဖော်သွားမည်ဖြစ်ရာ ကန်တော်ကြီး ရေသောက်မြောင်းများဖြစ်သော ထန်းကုန်းရေပေးမြောင်း၊ သပြေပင်ရေပေးမြောင်း၊ ဇွဲရေပေးမြောင်း၊ မယ်ချဥ်ပေါင် ရေပေးမြောင်း၊ အုတ်တံတားရေပေးမြောင်း စသည့် ရေပေးမြောင်းများအား တစ်ပိုင်းလျှင် မြောင်းအဝအကျယ် ၄ပေ၊ မြောင်းအောက်ခြေအကျယ် ၂ ပေ၊ အနက် ၁ ပေနှင့် တမာပင်ရေပေးမြောင်းအား မြောင်းအဝအကျယ် ၆ ပေ၊ မြောင်းအောက်ခြေအကျယ် ၂ ပေ ၆ လက်မ၊ အနက် ၂ ပေ ၉ လက်မ စသည့် ရေပေးမြောင်းငယ်များအား သဲနုန်းများတူးဖော်ခြင်း၊ သစ်ပင်၊ ခြုံနွယ်များရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သည်။ ထိုသို့ ပြန်လည်တူးဖော်ခြင်း လုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် လယ်ဧက(၁၂၂၀)ဧကအတွက် လုံလောက်စွာ ရေပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများကို ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး ရန်ပုံငွေဒေသန္တရစီမံချက်ဖြင့် ခွင့်ပြုရန်ပုံငွေ သိန်း (၅၀၀)ကျပ် အကုန်ကျခံတူးဖော်သွားမည်ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)