သာယာဝတီ ဇွန် ၁၂
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ စီစဉ်လမ်းညွှန်မှုဖြင့် ၂၀၂၄ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် ကျရောက်သည့် ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အဖြစ် သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက် ၁၀ နာရီက စည်ပင်သာယာရေးအဖွဲ့ရုံးရှေ့ အများမြင်သာသည့်နေရာတွင် စိုက်ထူခဲ့သည်။
အဆိုပါ အသိပညာပေးဆိုင်းဘုတ်စိုက်ထူပွဲသို့ ခရိုင်အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အသိပညာပေးဆိုင်းဘုတ်တွင် ကလေးအလုပ်သမားနှင့် ပတ်သက်၍ ဆိုင်(သို့မဟုတ်) ကုန်သွယ်အလုပ်ဌာန(သို့မဟုတ်) အများပျော်ရွှင်ရေးအလုပ်ဌာန၌ အသက် (၁၄) နှစ် မပြည့်သေးသောသူကို အလုပ်လုပ်ခွင့်မပြုရ၊ အသက်(၁၈)နှစ် မပြည့်သူကို အန္တရာယ်ရှိသော အလုပ်တွင်မလုပ်စေရ (သို့မဟုတ်) လုပ်ခွင့်မပြုရ၊ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ (သို့မဟုတ်) ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်စေသော အလုပ်လုပ်ရန် ခိုင်းစေခြင်းမပြုရ၊ ကလေးအလုပ်သမားခိုင်းစေခြင်းအား အတူတကွတိုက်ဖျက်ကြပါစို့၊ ကျွန်ုပ်တို့ကလေးများ၏ အနာဂတ်လုံခြုံစိတ်ချနိုင်ရန် ကလေးလုပ်သားခိုင်းစေခြင်းကို အဆုံးသတ်ခြင်းဖြင့် စတင်လုပ်ဆောင်ကြပါစို့ စသည့်အသိပညာပေးအကြောင်းအရာများနှင့် ကာတွန်းရုပ်ပြများ ပါဝင်ကြောင်း သိရသည်။
ကလေးသူငယ်များ စာသင်ခန်းတွင် ပညာသင်ကြားနေကြရမည့်အရွယ် စားဝတ်နေရေးအလို့ငှာ လုပ်ငန်းခွင်ထဲသို့ ရောက်ရှိနေကြခြင်းမှာ ကလေး၏အနာဂတ်ကိုသာမက နိုင်ငံ၏အနာဂတ်ကိုပါ ထိခိုက်နစ်နာစေသည့်အတွက် ၂၀၁၆ ခုနှစ် ဆိုင်များနှင့်အလုပ်ဌာနများ ဥပဒေအရ မည်သည့်အလုပ်ရှင်မဆို (ပုဒ်မ-၁၃နှင့်၁၄)ပါ ကလေးအလုပ်သမားများ၏ အသက်အရွယ်နှင့် အလုပ်ချိန်ကန့်သတ်ချက်များမှ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ပါက (၆)လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးကျပ်သိန်း(၅၀)မှ အများဆုံးကျပ်သိန်း (၁၀၀)အထိ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်ကြောင်း သိရသည်။
အလားတူလက်ပံတန်းမြို့နယ်နှင့် နတ်တလင်းမြို့နယ်များတွင်လည်း အသိပညာပေးဆိုင်းဘုတ်များ စိုက်ထူခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)