မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် ပျက်စီးဆုံးရှုံးမှုပုံစံများ ဖြည့်သွင်းမှုသင်တန်းအခမ်းအနား တက်ရောက်

မကွေး ဇွန် ၁၂

မကွေးတိုင်းဒေသကြီး၊ ကနဦးလိုအပ်ချက်စစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှုအတည်ပြုရေးနှင့် လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေးလုပ်ငန်းကော်မတီ၏ ပျက်စီးဆုံးရှုံးမှုပုံစံများ ဖြည့်သွင်းမှုသင်တန်းကို ဇွန်လ ၁၀ ရက်နေ့က မကွေးမြို့နယ်၊ စုပေါင်း၍ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီး၏ ကနဦးလိုအပ်ချက်စစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှု အတည်ပြုရေးနှင့်လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က မကွေးတိုင်းဒေသကြီးအတွင်း ဘေးအန္တရာယ်ဖြစ်ပွားပါက လိုအပ်သောစာရင်းအင်း အချက်အလက်များရရှိနိုင်ရေး၊ ပျက်စီးဆုံးရှုံးမှုစာရင်းများကို ကောက်ယူ၍ တိကျစွာထုတ်ပြန်နိုင်ရေးနှင့် လိုအပ်ချက်များကို ဆန်းစစ်ဖော်ထုတ်နိုင်ရေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စာရင်းအင်းအချက်အလက်များ ကောက်ယူစုစည်းရာတွင် ဌာနဆိုင်ရာများမှ အချက်အလက်များ ဖြည့်သွင်းမှုတစ်ပြေးညီဖြစ်စေရန် ရည်ရွယ်၍ ယခုလိုဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် သင်တန်းနည်းပြများက သင်တန်းတွင်ပို့ချမည့် သင်ခန်းစာများအား ရှင်းလင်းပြောကြားပြီး အဆိုပါ သင်တန်းသို့ တိုင်းဒေသကြီး ဌာနဆိုင်ရာများမှ သင်တန်းသား ၁၅ဝ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ကို(ဖန်ခါးမြေ)