တောင်တွင်းကြီး ဇွန် ၁၂
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူအသိပညာပေးလုပ်ငန်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျှက်ရှိရာ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးနှင့် တရားမ၀င်ရောင်း၀ယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် ယနေ့နံနက် (၁၀) နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ကာ ကျောင်းသား/ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်က မြန်မာနိုင်ငံသို့ မူးယစ်ဆေးဝါးစတင်ပျံ့နှံလာပုံ၊ မူးယစ်အစဆေးလိပ်ကနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာထိခိုက်မှုများ၊ မူးယစ်ဆေးဝါးဆိုးကျိုးများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိ ဦးကျော်စိုးအောင်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သောဆေးဝါးများအန္တရာယ် ဥပဒေများအကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အားလပ်ချိန်များတွင် မိမိအတွက်ဗဟုသုတရရှိစေမည့် စာအုပ်စာပေများလေ့လာဖတ်ရှု့မှတ်သားကြရန် ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူး အေးသိန်းက တရားမဝင်ရောင်းဝယ်ခြင်းနှင့် စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီးရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကာ တက်ရောက်လာကြသည့်ကျောင်းသား ကျောင်းသူများက ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်၊ ကွမ်းစားသုံးခြင်းနှင့် ဆေးလိပ်သောက်သုံးခြင်းအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ရန်နောင်စိုး (ပြန်/ဆက်)