ငါးသိုင်းချောင်း ဇွန် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့တွင် သစ်တောဦးစီးဌာနမှ ဒေသတွင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်နှင့် သစ်တောသစ်ပင်များကို မြတ်နိုးတန်ဖိုးထားသည့် စိတ်ဓာတ်များ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ ဂွေးတောက်အုပ်စု၊ မြောက်စမ်းကျေးရွာအနီးရှိ အမတ(၃၄၄)တပ်နယ်ပိုင် ဧရိယာအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းချစ်အေးက သစ်တောသယံဇာတ ရေရှည်တည်တံ့စေရန်၊ ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းရန်နှင့် သစ်တော ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများပါဝင်လာစေရန် ရည်ရွယ်၍ ဒေသနှင့်ကိုက်ညီသော သစ်မျိုးများ စိုက်ပျိုးရန်လိုအပ်ကြောင်းပြောကြားပြီး စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းချစ်အေး၊ အမတ(၃၄၄)မှတပ်ရင်းမှူး ဗိုလ်မှူးငြိမ်းဇော်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးရဲသီဟထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကိုကို၊ ငါးသိုင်းချောင်းမြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်နှင့်တာဝန်ရှိသူများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီးဦးကိုကိုလေး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများတက်ရောက်ခဲ့ကြပြီး စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြ သည်။
အဆိုပါမိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း၊ ပျဥ်းကတိုး၊ ပိတောက်၊ ယမနေ၊ မန်ဂျန်ရှားစသည့် ပျိုးပင်ပေါင်း(၅၄၀)ကို စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ငါးသိုင်းချောင်း (ပြန်/ဆက်)