လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

လိပ်သို ဇွန် ၁၂

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများအား ကလေးသူငယ်အခွင့်အရေးများ၊ ဉပဒေပြဌာန်းချက်များဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်နွယ်နွယ်ခိုင်က ကလေးအလုပ်သမားများအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစသည့် အထွေထွေထိခိုက်ဆုံးရှုံးမှုများ၊ ကလေးအလုပ်သမားဟူသည် အဘယ်နည်း၊ ကလေးအလုပ်သမားနှင့် ပတ်သက်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ ဉပဒေများ၊ အခွင့်အရေးများအကြောင်းကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာ မတော်မတရားပြုမူခြင်း၊ လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုမူခြင်း၊ အကြမ်းဖက်ခြင်း၊ လစ်လျူရှုခြင်း၊ အလုပ်ရှင်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာများစသည့် အကြောင်းအရာများပါရှိသည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင် ပြသဆောင်ရွက်ထားရှိမှုကို ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)