အထက်မင်းလှ ဇွန် ၁၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မုန်တိုင်းနှင့်ရေဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီခွဲက အမှတ်(၄)အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မင်းလှမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဇင်နီလာဦးက အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေကြသည့် ကျောင်းသား/ကျောင်းသူတွေအနေနဲ့ သဘာဝဘေးအန္တရာယ်မုန်တိုင်းဘေးနှင့် ရေဘေးရင်ဆိုင်ကြုံတွေ့လာတဲ့အခါမှာ ထိခိုက်ပျက်စီးဆုံးရှုံးမှုအနည်းဆုံးဖြစ်စေဖို့၊ ဘေးအန္တရာယ်အမျိုးအစားအလိုက် ကာကွယ်ရမည့်နည်းလမ်းတွေနဲ့ ဆောင်ရန်/ရှောင်ရန်အချက်အလက်တွေကို သိရှိစေဖို့ အရေးပေါ်ကာကွယ်တဲ့နည်းလမ်းများနှင့် အန္တရာယ်ကိုရှောင်တိမ်းတဲ့နည်းလမ်းတွေ၊ ဘေးလွတ်တဲ့နေရာကို အန္တရာယ်ကင်းဘေးရှင်းစွာနဲ့ ရှောင်တိမ်းတတ်စေဖို့အတွက် မုန်တိုင်းနှင့်ရေဘေးအန္တရာယ်အကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မင်းလှမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများက အသိပညာပေးဟောပြောပွဲ တက်ရောက်လာသည့်ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများအား ဗလာစာအုပ်နှင့်ခဲတံများဖြန့်ဝေပေးပြီး ရေဘေး၊ လေဘေး၊ မီးဘေး၊ မိုးကြိုးဘေး၊ မိုးခေါင်ရေရှားဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေး၊ ငလျင်ဘေးစသည့်အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)