တောင်တွင်းကြီး ဇွန် ၁၂
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးကို အထောက်အပံ့ဖြစ်စေရန်၊ ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရန်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်ဆီးမှုလျော့နည်းပပျောက်စေရန်၊ ပြည်သူလူထုအတွင်း သစ်တောသစ်ပင်ချစ်ခင်မြတ်နိုးသည့်စိတ်များ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ယနေ့နံနက်(၈)နာရီက တောင်တွင်းကြီးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၀င်းအတွင်း၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နယ်မြေခံတပ်မှူးဗိုလ်မှူးကြီး ကျော်သန်းဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်သစ်တောဦးစီးမှူးတို့က တက်ရောက်လာသော ဌာနဆိုင်ရာများထံသို့စိုက်ပျိုးမည့် ပျိုးပင်များပေးအပ်ခဲ့ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ တက်ရောက်လာကြသူများက သတ်မှတ်နေရာအသီးသီးတွင် တစ်ပြိုင်နက် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် မယ်ဇယ်(၅၀)ပင်၊ ဆီသပြေ(၅၀)ပင်၊ ရေတမာ(၅၀)ပင်၊ မန်ကျည်း (၅၀)ပင်၊ ယင်းမာ(၅၀)ပင်၊ ဖျောက်ဆိတ်(၅၀)ပင်၊ တမာ(၅၀)ပင်၊ ပိတောက်(၅၀)ပင်၊ ပန်းမယ်ဇလီ(၅၀)ပင်၊ စိန်ပန်းပြာ(၅၀)ပင်စသည့် ပျိုးပင်ပေါင်း (၅၀၀)ကို ကျောင်းဝင်းအတွင်း စုပေါင်းစိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)