ပြည် ဇွန် ၁၂
ယနေ့တွင် ကျရောက်သည့် ၂၀၂၄ ခုနှစ် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ပြည်ခရိုင် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ကြီးမှူး၍ ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက ပြည်မြို့ သီရိခေတ္တရာရတနာမြို့တော်ခန်းမရှေ့ ဗိုလ်ချုပ်လမ်းမကြီးဘေး၌ ဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဦးစွာအလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး ဦးထွဋ်ခိုင်နှင့် ဝန်ထမ်းများက အများပြည်သူမြင်သာသည့် အဆိုပါနေရာ၌ "ကလေးအလုပ်သမားပပျောက်ရေးနှင့် ဆန့်ကျင်တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးမြေစိုက်ပိုစတာ"အား စိုက်ထူဆောင်ရွက်ကြသည်။
ယင်းနောက် အဆိုပါမြေစိုက်ပိုစတာ စိုက်ထူဆောင်ရွက်ရာသို့ တက်ရောက်အားပေးကြသော ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ဝန်ထမ်းများက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပဲခူးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီက တာဝန်ခံထုတ်ဝေသည့် ကလေးအလုပ်သမားပပျောက်ရေးနှင့် ဆန့်ကျင်တိုက်ဖျက်ရေးဆိုင်ရာ သိကောင်းစရာအကြောင်းများပါဝင်သည့် အသိပညာပေးလက်ကမ်းစာစောင်များကို လမ်းသွားလမ်းလာ ပြည်သူများထံ အခမဲ့ဖြန့်ဝေဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)