မြို့သစ် ဇွန် ၁၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၄ ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အကြို) ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့လုလင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ရှိ အစည်းအဝေးခန်းမဆောင်၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့သစ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန် ကမူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၏ လူမှုရေးဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးထိုးရသည့် အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးအမျိုးအစားများနှင့် ဆိုးကျိုးအန္တရာယ်များ၊ သုံးစွဲမိပါကစိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာထိခိုက်မှု၊ လူမှုရေးဆိုင်ရာ ထိခိုက်မှုရရှိလာမည့် ဆိုးကျိုးများအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး နံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်ဆက်)