စလင်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ကျန်းမာရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

စလင်း ဇွန် ၁၂

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ မိုးလုံလေလုံအားကစားခန်းမဆောင်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ဦးဆောင်ကြီးကြပ်၍ ကျန်းမာရေးဦးစီးဌာနမှ ဆရာမများက ယနေ့နံနက် ၉ နာရီ ၃၀ အချိန်က ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာအမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်နန္ဒာဝင်းက အခြေခံပညာဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ကျောင်းသားလူငယ်များအား ကျောင်းကျန်းမာရေးအသိပညာပေး သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ဖြစ်ပွားနိုင်မှုနှင့် မြို့နယ်အတွင်းရှိ ကလေးသူငယ်များ ခြင်ကိုက်မခံစေလိကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်သင်းသက်မွှေးနှင့် ဝန်ထမ်းများလိုက်ပါ၍ ကျောင်းသားလူငယ်များအား သွေးလွန်တုပ်ကွေးဖြစ်ပွားနိုင်မှု အခြေအနေများနှင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားပုံအဆင့်ဆင့်၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားစေတတ်သည့် ခြင်အမျိုးအစားတို့ကို ကျောင်းသားလူငယ်များ သိရှိစေရန်ရှင်းလင်းပြောကြားခဲ့ပြီးနောက်၊ ကြိုတင်ကာကွယ်ရေးအနေဖြင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် ခြင်ဆေးဖြန်းခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်နန္ဒာဝင်းနှင့် ကျောင်းအုပ်ဆရာကြီး ဦးအောင်မြင့်ထွန်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်းများ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မောင်လွင်