ရေဦး ဇွန် ၁၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ လမ်းညွှန်မှုဖြင့် အိမ်ထောင်စုလူဦးရေသန်းခေါင်စာရင်းကောက်ယူရေး အသိပညာပေးပိုစတာစိုက်ထူခြင်းကို ယနေ့နံနက် ၉ နာရီက လူစည်ကားရာနေရာဖြစ်သော မြို့မဈေးအနီး နာရီစင်လမ်းဆုံ၊ ရေဦး - ကလေး၀ ကားလမ်း လမ်းဆုံနေရာတို့တွင် ပြုလုပ်ခဲ့ရာ ရေဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူရနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဟန်၀င်းလှိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မျိုးမျိုးထိုက်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
သန်းခေါင်စာရင်းကောက်ယူရာတွင် ၂၀၂၄ ခုနှစ် အောက်တိုဘာ(၁)ရက်နေ့မှ (၁၅)ရက်နေ့အတွင်း နံနက် ၇ နာရီမှ ညနေ (၆)နာရီအထိ (၁၅) ရက်ကြာ သန်းခေါင်စာရင်းကောက်ယူမည်ဖြစ်ကြောင်း၊ နေအိမ်သို့ သန်းခေါင်စာရင်းလာရောက်ကောက်ယူရန် ကြိုတင်အသိပေးအကြောင်းကြားသွားမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းသည် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)ရှိခြင်း၊ မရှိခြင်း၊ နိုင်ငံသားစစ်ရေးကတ်ပြားရှိခြင်း၊ မရှိခြင်း၊ တိုင်းရင်းသားဖြစ်ခြင်းမဖြစ်ခြင်းနှင့် မသက်ဆိုင်ကြောင်း၊ သန်းခေါင်စာရင်းရည်ညွှန်းချိန် မြန်မာနိုင်ငံနယ်နိမိတ်အတွင်း ရှိနေသူအားလုံးကို စာရင်းကောက်ယူမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းတွင် အိမ်အကြောင်းအရာ အချက်အလက်များကောက်ယူခြင်းသည် ပိုင်ဆိုင်မှုနှင့် မသက်ဆိုင်ကြောင်း၊ နိုင်ငံခြားသို့ ရောက်ရှိနေသော အိမ်ထောင်စု၀င်များအတွက်လည်း စိုးရိမ်စရာမလိုကြောင်း၊ မည်သို့မျှအရေးယူမည်မဟုတ်ကြောင်း၊ ဗဟိုသန်းခေါင်စာရင်းကော်မရှင်က ထုတ်ပြန်ချက်များအရ သိရသည်။
သန်းသန်း