ပွင့်ဖြူ ဇွန် ၁၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက (၂၀၂၄-၂၀၂၅) ခုနှစ် ၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မိုးစပါးနှင့် အခြားမိုးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေများကို စဉ်ဆက်မပြတ် ထုတ်ချေးဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ စိုက်ပျိုးစရိတ်ချေးငွေ (၃၉၈၆၅၀၀၀၀) ကျပ် ထုတ်ချေးဆောင်ရွက် ပြီးစီးသွားပြီဖြစ်ကြောင်း အဆိုပါ မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။
ထိုသို့ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများကို စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရာ၌ မြို့နယ်မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဘဏ်မန်နေဂျာ ဦးအေးမင်းနိုင်က ချေးငွေများ မထုတ်ချေးမီ သီးနှံအလိုက် ချေးငွေထုတ်ချေးပေးမှု နှုန်းထားများနှင့် ချေးငွေပေးဆပ်ရမည့်ကာလတွင် အချိန်မီ ပေးဆပ်နိုင်ရေးအတွက် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို အသိပေးရှင်းလင်းဆွေးနွေး ပြောကြား၍ စိုက်ပျိုးစရိတ်ချေးငွေများကို ဒေသခံတောင်သူများ လက်ဝယ်အရောက် စနစ်တကျ ထုတ်ချေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ မိုးသီးနှံစိုက်ပျိုးစရိတ် ထုတ်ချေးငွေများ ထုတ်ချေးပေးရာတွင် မိုးစပါးစိုက်ပျိုးမှုအတွက် တစ်ဧက ငွေကျပ် တစ်သိန်းခွဲနှုန်း ၊ အခြားသီးနှံ စိုက်ပျိုးမှုအတွက် တစ်ဧက ငွေကျပ် တစ်သိန်းနှုန်းဖြင့် ထုတ်ချေးပေးခြင်းဖြစ်ပြီး ယနေ့အထိ ကျေးရွာအုပ်စု(၈) အုပ်စုရှိ ဒေသခံတောင်သူ ၆၉၁ ဦးအား စုစုပေါင်း စိုက်ပျိုးစရိတ်ချေးငွေ (၃၉၈၆၅၀၀၀၀) ကျပ် ထုတ်ချေးဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် (၂၀၂၄) ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးရမည့် ကျေးရွာအုပ်စု (၅၁) အုပ်စုရှိပြီး အဆိုပါ ကျေးရွာအုပ်စုများအနက်မှ ယခင်နှစ်က စိုက်ပျိုးစရိတ်ချေးငွေ ပြေကြေစွာ ပေးဆပ်သည့် ဒေသခံတောင်သူများကို မေလ(၂၀)ရက်နေ့ကစပြီး စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးခဲ့ကြောင်း သိရကာ ထုတ်ချေးပေးရန် ကျန်ရှိသည့် ကျေးရွာအုပ်စုများမှ ဒေသခံတောင်သူများကိုလည်း ဆက်လက်ထုတ်ချေး ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်ဘဏ်မန်နေဂျာ ဦးအေးမင်းနိုင်က ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး (ပြန်/ဆက် )