ပွင့်ဖြူမြို့နယ် ကျွန်းပင်စင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ဆဋ္ဌမအကြိမ် ထုတ်ချေး

ပွင့်ဖြူ ဇွန် ၁၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျွန်းပင်စင်ကျေးရွာ၌ ဆဋ္ဌမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ကျင်းပသည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ပြည့်ဖြိုးကျော်နှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက ရပ်မိရပ်ဖများ၊ အသင်းသား၊ အသင်းသူများနှင့် တွေ့ဆုံပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များ၊ စီမံကိန်းအကျိုးကျေးဇူးများနှင့် လိုက်နာရမည့် စီမံကိန်းလက်စွဲစာစောင်ပါ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းများက စီမံကိန်းစက်ဝန်းကာလ သတ်မှတ်ချက်များ ၊ အတိုးနှုန်း သတ်မှတ်ချက်များ၊ ငွေစာရင်းဇယား ပြုစုထိန်းသိမ်းရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ ရန်ပုံငွေကျပ် ၃၉ ဒသမ ၃ သန်းကို လွှဲပြောင်းပေးသည်။

ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ကျွန်းပင်စင်ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၇၉ ဦးကို ငွေကျပ် ၁၈ ဒသမ ၃၅ သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၉၂ ဦးကို ငွေကျပ် ၁၈ ဒသမ ၅ သန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၇ ဦးကို ငွေကျပ် ၁ ဒသမ ၇၅ သန်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်း လုပ်ကိုင်သူ ၂ ဦးကို ငွေကျပ် သုညဒသမ ၇ သန်း၊ စုစုပေါင်းအသင်းသား၊ အသင်းသူ ၁၈၀ ဦးကို ငွေကျပ် ၃၉ ဒသမ ၃ သန်းအား စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)