ကန်ကြီးထောင့်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာ‌စောင်ပြပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ကန်ကြီးထောင့် ဇွန် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် World Vision တို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲကို ယနေ့နံနက်(၈)နာရီခွဲအချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲတွင် ကန်ကြီးထောင့်မြို့နယ် အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၊ အ.ထ.က(ခွဲ)ဘဲဂရက်ရှိ အလယ်တန်းအဆင့် ကျောင်းသား/သူများနှင့် အ.မ.ကမြို့သစ်ရှိ မူလတန်းအဆင့် ကျောင်းသား/သူများက ပုံ‌ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲအစရှိသည့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများအား ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့်ဒုဦးစီးမှူးက ကျောင်းသား/သူလေးများအား မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်များအား လိုက်လံရှင်းလင်းပြသခဲ့ကြပြီး ကျောင်းသား/သူများအား နံနက်စာနှင့် နေ့လယ်စာများအား ဧည့်ခံကျွေးမွေးခဲ့ကြသည်။

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးလှမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်တင်မေသန်းက ကျေးဇူးတင်ဝမ်းသာပီတိစကားအား ပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ဇင်မာဦးက ပြိုင်ပွဲကျင်းပရခြင်း၏  ရည်ရွယ်ချက်များအား ရှင်းလင်း‌ပြောကြားခဲ့ပြီး ပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်းသား/သူလေးများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ World Vision တာဝန်ခံမန်နေဂျာဦးမင်းမောင်မောင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများက တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ကျော်ဇင်စိုး(ပြန်/ဆက်)