ရှမ်းရွာသစ် ဇွန် ၁၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ ၂၀၂၄ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်တွင် အမှတ်(၄) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးလွင်တို့က ကျောင်းသား/သူများ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ ရှောင်ကြဉ်ရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း ဗဟုသုတရရှိစေရန်အတွက် ၁၉ ရာစု နှောင်းပိုင်းတွေ့ရှိရသော မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးဟူသည်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် ဖြစ်ပေါ်နိုင်သော စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးနှင့် ရုပ်ပိုင်းဆိုင်ရာများ၊ မူးယစ်ဆေးဝါးအန္တရာယ် ကင်းစင်ရေး ကျောင်းသားလူငယ်များ လိုက်နာရမည့်အချက်များ၊ ဆေးလိပ်သောက်ခြင်း၊ ကွမ်းယာစားခြင်းနှင့် အရက်သောက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများဆိုင်ရာ သိကောင်းစရာများကို ကျောင်းသား၊ ကျောင်းသူအရွယ် ကလေးသူငယ်များအား အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား/သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေး နံရံကပ်စာစောင်များကို ပြသထားရာ ကျောင်းသား /သူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)