မြောင်းမြ ဇွန် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅) နှစ်နှင့်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၃း၀၀)နာရီအချိန်က မြို့နယ်ဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များရောက်ရှိနေရာယူပြီး ပြိုင်ပွဲဝင်အသင်းသားများက အလေးပြုခြင်းဖြင့် အခမ်းအနားအားစတင်ဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးထက်အောင်က အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲဝင်အသင်းသားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုခဲ့ပြီး တာဝန်ရှိသူများက အားကစားသမားများအားအသင်းလိုက် လိုက်လံနှုတ်ဆက်ခဲ့သည်။ ထို့နောက် မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးကြီးထက်အောင်က ကွင်းအတွင်းဘောလုံးကန်သွင်း၍ ပြိုင်ပွဲအား စတင်စေခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းပေါင်း(၆)သင်း ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပထမပွဲစဉ်အဖြစ် မြောင်းမြမြို့နယ်လက်ရွေးစင်အသင်းနှင့် အိမ်မဲမြို့နယ်လက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မြောင်းမြမြို့နယ်လက်ရွေးအသင်းက (၄း၀) ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ဇေယျာ (ပြန်/ဆက်)