ဇီးကုန်း ဇွန် ၁၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာအဆင့် လူရည်ချွန်မောင်မယ်ရွေးချယ်ခြင်းခံရသော လူရည်ချွန်မောင်မယ်(၅)ဦးအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(မြို့မ)ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားအား အ.ထ.က(မြို့မ)မှ ကျောင်းသားကျောင်းသူလေးများက "ပညာပန်းခင်း" သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ဒုတိယမြို့နယ်ပညာရေးမှူး ဦးရဲထွဋ်ဦးက အဖွင့်အမှာစကားပြောကြားပြီး အ.ထ.က(မြို့မ)ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဆွေဝင်းက ကျောင်းသားကျောင်းသူလေးများအား ဂုဏ်ပြုချီးမြှင့်စကားများ ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ဂုဏ်ဆောင်လူရည်ချွန်မောင်မယ်(၅)ဦးအား ကျောင်းအုပ်ဆရာမကြီးနှင့်တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ချီးမြှင့်ခဲ့ပြီး လူရည်ချွန်မောင်မယ်များမှ ၎င်းတို့၏ အတွေ့အကြုံများနှင့် ကျေးဇူးတင်ဝမ်းမြောက်စကားများအား ပြန်လည်ပြောကြားခဲ့ကြသည်။
အဆိုပါ လူရည်ချွန်မောင်မယ်(၅)ဦးသည် ဇီးကုန်းမြို့နယ်မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအဆင့်လူရည်ချွန်မောင်မယ် ရွေးချယ်ခြင်းခံရသော အ.ထ.က(မြို့မ)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများဖြစ်သော GRADE-10 မှ မောင်ဆက်ကောင်းစံ(နှစ်ထပ်ကွမ်း)၊ မထက်ရည်မွန်(နှစ်ထပ်ကွမ်း)၊ GRADE-11 မှ မောင်အောင်ပြည့်စုံ(နှစ်ထပ်ကွမ်း)၊ မောင်အေးချမ်းဦး(Grade-12)နှင့် မဆုမြတ်ရတနာ(Grade-9)တို့သည် လူရည်ချွန်အပန်းဖြေစခန်းများသို့သွားရောက်၍ ပညာရေးဆိုင်ရာဟောပြောပွဲများ၊ စာပေဗဟုသုတ နှီးနှောဆွေးနွေးခြင်းများ၊ ဒေသလုပ်ငန်းများဒေသထွက်ကုန်းများနှင့် ဒေသခံများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများ၊ လက်မှုပညာများနှင့် ဒေသန္တရဆိုင်ရာဗဟုသုတများကို လေ့လာဆည်းပူးခဲ့ကြသည်။
ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားသို့ ဒုတိယမြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)