မြိတ်မြို့နယ် အင်္ဂမော်ကျေးရွာတွင် သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် သစ်ပင်စိုက်ပျိုးပွဲကျင်းပ

မြိတ် ဇွန် ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် အင်္ဂမော်ကျေးရွာတွင် သစ်တောဦးစီးဌာနမှသစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို အ.ထ.က (အင်္ဂမော်)ကျောင်း၌ ယမန်နေ့ကကျင်းပခဲ့ပြီး ကျေးရွာသုံးစိုက်ခင်း(၂)ဧကတွင် မန်ဂျန်ရှားပင်များကို တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

အသိပညာပေးဟောပြောပွဲကို ကျောင်းသား/သူများ သစ်တောသစ်ပင်၏အကျိုးကျေးဇူးများ သိရှိစေရန်၊ ရာသီဥတုပြောင်းလဲလာမှုအား ပိုမိုသိရှိပြီး ငယ်ရွယ်စဉ်ကလေးဘဝမှပင် သစ်တောများ၏အရေးပါမှုနှင့် ဇီဝမျိုးစုံမျိုးကွဲများ၏အ‌ရေးပါမှုကိုသိရှိစေ၍ အနာဂတ်တွင် သစ်တောထိန်းသိမ်းခြင်းလုပ်ငန်းများကို ပိုမိုပူးပေါင်းပါဝင်လာနိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်သည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ကြီး ဦးအေးလင်း အဖွင့်အမှာစကားပြောကြားပြီး  သစ်တောနှင့်ရာသီဥတုပြောင်းလဲမှု‌‌လျော့ချ‌ရေးအကြောင်းကို သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားနေမှူး ဦးဇော်လင်း၊ သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ အကြောင်းအရာများကို ဦးစီးအရာရှိ ဦးဝေယံမြင့်ချို တို့က ဆရာ/ဆရာမ၊ ကျောင်း သား/သူ များအား ဟောပြောခဲ့သည်။   

ဟောပြောပွဲအပြီးတွင် အင်္ဂမော်ကျေးရွာ၏ ကျေးရွာသုံးစိုက်ခင်း(၂)ဧကတွင် သစ်ပင်စနစ်တကျ စိုက်ပျိုးဆောင်ရွက်နည်းစနစ်အား တောအုပ်ကြီး ဦးခင်စိုးက ကျောင်းသား/သူများအား ရှင်းလင်းပြောကြားပြီး သစ်တောဦးစီးဌာန ဝန်ထမ်းများနှင့်အတူ ဆရာ/မများ၊ ကျောင်းသား/သူများက မန်ဂျန်ရှားပျိုးပင်(၂၄၂၀)ပင်ကို တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )