သာယာဝတီခရိုင်၌ ရုံးစာရေးသားနည်း သင်တန်း ဖွင့်လှစ်

​သာယာဝတီ ဇွန် ၁၂

ပဲခူးတိုင်းဒေသကြီး၊​ သာယာဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ရုံးနှင့်မြို့နယ်ရုံးများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား လုပ်ငန်းအရည်အသွေး တိုးတက်မြင့်မားလာစေရန်နှင့် ရုံးလုပ်ငန်းများ မြန်ဆန်အောင်မြင်လာစေရန်အတွက် လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ ရုံးစာရေးသားနည်းသင်တန်းကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ရုံးစာရေးသားနည်းသင်တန်းတွင် သာယာဝတီ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ​ခရိုင်ဦးစီးမှုး ဒေါ်စန္ဒာမိုးက ရုံးစာရေးသားနည်းသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက်  ရုံးစာရေးသားနည်းတွင် အရေးပါသောအချက်အလက်များကို အထူးပေါ်လွင်ထင်ရှားစေပြီး သက်ဆိုင်သူများ ဂရုပြုမိစေရန်နှင့် သတ်မှတ်ထားသည့် နည်းစနစ်များအတိုင်းရှင်းလင်း၍ တိကျပြတ်သားစွာ အစီအစဉ်တကျ ရေးသားနိုင်စေရန်နှင့် ရုံးစာရေးသားရာတွင် အခြေခံရမည့်အချက်များ၊ ရုံးစာရေးသားနည်း အမျိုးအစားများ၊ စာအထားအသို၊ အကြောင်းအရာခေါင်းစဉ်တပ်ခြင်း၊ နိဒါန်း၊ စာကိုယ်၊ နိဂုံးစသည့် အကြောင်းအရာများကို ရှင်းလင်းပို့ချခဲ့ပြီး လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမင်းထွန်းက ရုံးစာရေးသားနည်းသင်တန်းဖွင့်လှစ်ပေးခြင်းအားဖြင့် ရုံးစာများရေးသားရာတွင် ယခင်ထက်ပို၍ ကျွမ်းကျင်စွာဖြင့် ရုံးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် အချိန်ကိုအကျိုးရှိစွာအသုံးချပြီး သင်တန်းမှသင်ကြားပို့ချမှုများကို လေ့လာသင်ယူမှတ်သားကြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။​

သင်တန်းသို့ သာယာဝတီခရိုင်ရုံးမှ သင်တန်းသူ(၂)ဦး၊ ခရိုင်အတွင်းရှိ မြို့နယ်ရုံးများမှ သင်တန်းသား/သင်တန်းသူ(၁၀)ဦး၊  စုစုပေါင်း သင်တန်းသား /သင်တန်းသူ (၁၂)ဦး တက်ရောက်ခဲ့​သည်။

အဆိုပါ သင်တန်းကို ဇွန်လ (၁၂) ရက်မှ (၁၄) ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)