ရွှေတောင်မြို့နယ်တွင် အခြေခံကျောင်းများ၌ စာဖတ်ရှိန်မြင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပ

ရွှေတောင် ဇွန် ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ဆည်ကြီးကုန်းအုပ်စု၊ အမက(ဖိုးခေါင်)နှင့် ကြာနီကန်ရပ်ကွက်၊ အမက(ကူကြီး)ကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုသရေးဌာနတို့ ပူးပေါင်း၍ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။

အခမ်းအနားတွင် အ.မ.က(ဖိုးခေါင်)မှ ကျောင်းအုပ်ဆရာကြီး ဦးတင့်လွင်နှင့် အ.မ.က (ကူကြီး)ကျောင်းအုပ်ဆရာကြီး ဦးမင်းအောင်တို့က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က စာဖတ်ရှိန်မြင့်တင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ကျောင်းသား/ကျောင်းသူများအား စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတ ကြွယ်ဝလာစေရန်၊ စဉ်းစားတွေးခေါ်မှုများ မြင့်မားလာစေရန်နှင့်၊ ဗလငါးတန်နှင့်ပြည့်စုံစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားပြီး  လူငယ်နှင့်စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊  လူကုန်ကူးမှုတားဆီးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနှင့်  ကလေးအလုပ်သမားပပျောက်ရေး အသိပညာများအကြောင်းကို အကျယ်တဝင့်  ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ယဉ်ယဉ်ဆင့်နှင့် ဒေါ်ခင်မာချောစုကြည်တို့က စားသုံးသူနှင့်ပတ်သက်သော ကုန်အညွှန်းအမှတ်အသား(၈)ချက်၊ ဆိုးဆေးများအကြောင်းကိုလည်းကောင်း၊ မြို့နယ်တိုင်းရင်းဆေးကုသရေးဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နီလာမြင့် နှင့် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ဇာဇာအောင်တို့က အစားအစာအုပ်စုများ၊ အာဟာရဓာတ်များ၊ ရေဓါတ်၏ အကျိုးသက်ရောက်မှုနှင့် မိုးရာသီတွင်ဖြစ်ပွားတတ်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်းစသည့် ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ရွှေဝတ်ရည်တိုးက ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း Icebreak အစီအစဉ်များပြုလုပ်ပြီး "မောင်ကြွက်ကလေးကြီးလာရင်ဘာလုပ်မလဲ" ရုပ်ပုံစာအုပ်ဖြင့် ပုံပြင်ပြောကြားပေးခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများကို အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များ၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး စာအုပ်စာစောင်များကို ဖတ်ရှုခဲ့ကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ဆက်)