စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-၂၀၂၅ ခုနှစ်၊ စိုက်ပျိုးရာသီ စိုက်ဧက ပြည့်မီစွာစိုက်ပျိုးရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးစေ့နှင့်သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနား တက်ရောက်

မုံရွာ  ဇွန် ၁၂

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်၊ စိုက်ပျိုးရာသီ စိုက်ဧကပြည့်မီစွာ စိုက်ပျိုးရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက်  မျိုးစေ့နှင့်သွင်းအားစုများ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး၏ စိုက်ပျိုး စွမ်းအားမြှင့်တင်နိုင်ရေး နည်းလမ်းပေါင်းစုံနှင့် ဆောင်ရွက်လျက်ရှိရာတွင် သီးနှံစိုက်ပျိုးရာသီ အလိုက် လျာထားဧကပြည့်မီစွာစိုက်ပျိုးနိုင်ရေးသည် အခြေခံကျသည့် အဓိကလုပ်ငန်း တစ်ခုဖြစ် ခြင်းကြောင့် လာမည့်မိုးရာသီတွင်စိုက်ပျိုးရမည့် သီးနှံများအားလျာထားချက်ထက် ပြည့်မီကျော် လွန်အောင် စိုက်ပျိုးနိုင်ရေး၊ သီးနှံများအောင်မြင်ဖြစ်ထွန်းမှုရှိစေရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများအား ယခုအချိန်မှ စတင်ဆောင်ရွက်ထား ကြရန်လိုအပ်ပါကြောင်း၊ ယခုလိုမိုးရာသီ စိုက်ဧကများလျာထားချက်ပြည့်မီရေး ဆောင်ရွက်နေသကဲ့သို့ စိုက်ပျိုးသီးနှံများ၏ စိုက်ပျိုးမြေဧရိယာ အသုံးချမှုတိုးတက်ရေး၊  တစ်ဧကထုတ်လုပ် မှုစွမ်းအား တိုးတက်ရေးနှင့် အဓိကစိုက်ပျိုးသီး နှံများပန်းတိုင်အထွက်နှုန်း ရရှိရေးကိုလည်း တချိန်တည်းမှာတွင် ကြိုးစားဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့တာဝန်ခံက စပါးမျိုးစေ့မျိုးသန့် ထုတ်လုပ်ခြင်းနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး မြေစာရင်းဦးစီးဌာန၊ တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ဆည်မြောင်း)၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)၊ တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာန၊ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးများမှ စစ်ကိုင်း တိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်၊ စိုက်ပျိုးရာသီ စိုက်ဧကပြည့်မီစွာ စိုက်ပျိုးရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မိမိတို့ဌာနများအလိုက်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသခံတောင်သူတစ်ဦးထံ မိုးစပါးမျိုးစေ့များ အားထောက်ပံ့ပေးအပ်ပြီး တိုင်းဒေသကြီး တရားသူကြီးချုပ်က ဒေသခံတောင်သူတစ်ဦးထံ နေကြာမျိုးများအား ထောက်ပံ့ပေးအပ်ကြသည်။

 ဆက်လက်၍ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက မုံရွာခရိုင်စီမံ အုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌထံ Drum Seeder များအား လည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီးက ဒေသခံတောင်သူတစ်ဦးထံ နေကြာမျိုးစေ့များအား လည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက ဒေသခံတောင်သူတစ်ဦးထံ ပိုက်ဆံလျှော်မျိုးစေ့များအား လည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက ဒေသခံတောင်သူတစ်ဦးထံ ပိုက်ဆံလျှော်မျိုးစေ့များအား လည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးက ဒေသခံတောင် သူတစ်ဦးထံ ချည်မျှင်ရှည်ဝါမျိုးစေ့များအား လည်းကောင်း၊ တိုင်းဒေသကြီး ဥပဒေချုပ်က ဒေသခံတောင်သူတစ်ဦးထံ ချည်မျှင်ရှည်ဝါမျိုးစေ့များအား လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ အတွင်းရေးမှူးက ဒေသခံတောင်သူတစ်ဦးထံ မိုးစပါးမျိုးစေ့များအား လည်းကောင်း အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြသည်။  

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါရုံးဝန်းအတွင်းရှိ လယ်ယာစိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေးပြခန်း၊ စားသုံးသူရေးရာဦးစီး ဌာနပြခန်း၊ ငါးလုပ်ငန်းဦးစီးဌာနပြခန်းနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနပြခန်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မုံရွာခရိုင်သို့ လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder)များအား တတိယအကြိမ် ၅၀ လက် လွှဲပြောင်းပေးအပ်ပွဲသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ မုံရွာခရိုင်အတွင်းရှိ ဒေသခံတောင်သူများထံ လက်ဆွဲမျိုးစေ့ချကိရိယာ Drum Seeder များ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြခန်းများသို့လာရောက်လေ့လာကြသည့် မုံရွာမြို့၊ စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်းမှ ကျောင်းသား/သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများအား နှစ်ရှည်စားသုံးသီးပင်များ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် အခမ်းအနားသို့ တက်ရောက်လာကြည့် ဒေသခံတောင်များအား နှစ်ရှည်စားသုံးသီးပင်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)