ထားဝယ် ဇွန် ၁၂
ငလျင်ဘေးအန္တရာယ် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းအကြို ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
အစည်းအဝေးတွင်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က ငလျင်ဘေးအန္တရာယ် သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းကို အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း၌ ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူ ဖြစ်ပေါ်နေစဉ်အတိုင်း သရုပ်ပြဇာတ်တိုက်လေ့ကျင့်ကြရန် လိုအပ်ကြောင်း၊ တက်ရောက်လာသောဌာနဆိုင်ရာများအနေဖြင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်မည့်အစီအစဉ်များအား ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ကျောင်းသား၊ ကျောင်းသူများ ငလျင်နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သည့် မီးဘေးကြောင့်ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေးအတွက် ကြိုတင်ဆောင်ရွက်တတ်စေရန်၊ ငလျင်နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သည့် မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အရေးပေါ်တုံ့ပြန်မှုများအား အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်တတ်စေရန်၊ ငလျင်နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်သည့် မီးဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ခြင်းနှင့် ကြိုတင်သတိပေးခြင်းလုပ်ငန်းများအား သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ ကျောင်းသား၊ ကျောင်းသူများကိုယ်တိုင် ဘေးအန္တရာယ်လျှော့ချရေး လုပ်ငန်းစဉ်များတွင် ကိုယ်တိုင်ဦးဆောင်လုပ်ကိုင်တတ်စေရန်နှင့် ဝန်ထမ်းများစွမ်းရည်မြှင့်မားလာစေရန် စသည့်ရည်ရွယ်ဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များက ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် အစီအစဉ်များ၊ ပူးပေါင်းလုပ်ကိုင်ရမည့် ဆောင်ရွက်ချက်များအား ရှင်းလင်းဆွေးနွေးတင်ပြကြရာ ဆွေးနွေးတင်ပြချက်များအပေါ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)