ကရင်ပြည်နယ်အတွင်း ယခုနှစ်တွင် ငါးသားပေါက်ကောင်ရေ ခုနစ်သိန်းနှစ်သောင်းကျော် ငါးမျိုးစိုက်ထည့်ပေးမည်

ဘားအံ ဇွန် ၁၂

ကရင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုနှစ်တွင် ပြည်နယ်အတွင်းရှိ ဘားအံငါးလုပ်ငန်းစခန်းနှင့် ကျုံဒိုးငါးလုပ်ငန်းစခန်းတို့မှ နှစ်လက်မအရွယ် ငါးသားပေါက်ကောင်ရေ ၇၂၀၀၀၀(ခုနစ်သိန်းနှစ်သောင်း)ကျော် ထုတ်လုပ်၍ သဘာဝမြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ကန်ရေပြင်များအတွင်း ငါးမျိုးစိုက်ထည့်ပေးသွားရန် လျာထားဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၇ နာရီခွဲက ဘားအံမြို့နယ်၊ တရုတ်လှလျှပ်စစ်မြစ်ရေတင်၌ သံလွင်မြစ်အတွင်း ငါးမျိုးများ စိုက်ထည့်ပေးခဲ့သည်။

ငါးမျိုးစိုက်ထည့်ပွဲသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ တရုတ်လှကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပြီး ရှင်သန်ကြီးထွားရန် အကောင်းဆုံးအရွယ်ရှိသည့် ၂ လက်မအောက်ခံအရွယ် ငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ ၈၀၀၀၀(ရှစ်သောင်း)နှင့် ငါးမြစ်ချင်းငါးသားပေါက်ကောင်ရေ ၅၀၀၀၀(ငါးသောင်း) စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၁၃၀၀၀၀ (တစ်သိန်းသုံးသောင်း)ကို သံလွင်မြစ်အတွင်း ငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။

ယခုစိုက်ထည့်ပေးခဲ့သောငါးမျိုးများသည် သံလွင်မြစ်နှင့် ဆက်စပ်ရေပြင်များအတွင်း ရှင်သန်ကြီးထွားပေါက်ပွားပြီး ပတ်ဝန်းကျင်ဒေသများတွင် နေထိုင်ကြသည့် ဒေသခံတိုင်းရင်းသားပြည်သူများ အလွယ်တကူဖမ်းယူစားသုံးနိုင်မည်ဖြစ်ကာ ဒေသ၏ ငါးထုတ်လုပ်မှုတိုးတက်စေရေးအတွက် ရေနေသယံဇာတများကိုထိန်းသိမ်း၍ ငါးရိက္ခာဖူလုံပြီး စဉ်ဆက်မပြတ်စားသုံးနိုင်စေရန် နှစ်စဉ်ငါးမျိုးများ စိုက်ထည့်ပေးခြင်းဖြစ်ကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစုံမိုင်းထံမှ သိရသည်။

ဆက်လက်၍ လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း PPTT(၁၁/၂၀၂၄) သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ဇွန်လ ၁၁ ရက်နေ့ နံနက် ၉ နာရီက ဘားအံပညာရေးဒီဂရီကောလိပ်၊ သီရိခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဘာသာရပ်တစ်ခု၏ အကြောင်းအရာများကို သင်ယူရာတွင် လက်တွေ့ဘဝနှင့် ပေါင်းစပ်/ဆက်စပ်သင်ယူနိုင်သော၊ စဉ်းစားတွေးခေါ်သင်ကြားပို့ချပေးနိုင်သော၊ စာရိတ္ထမဏ္ဍိုင်ခိုင်မာသော ဆရာ၊ ဆရာမကောင်းများဖြစ်အောင် ကြိုးစားကြစေလိုပြီး မိမိတပည့်များကိုလည်း ဂါရဝတရားကိုင်းရှိုင်းသော၊ ခန္ဓာကိုယ်နှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာကျန်းမာကြံ့ခိုင်သော နိုင်ငံ့သားကောင်းများဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူ ၁၃၄ ဦးအတွက် စုစုပေါင်းငွေကျပ် ၂၆၈၀၀၀၀ (နှစ်ဆယ့်ခြောက်သိန်းရှစ်သောင်း)ကို ကျောင်းအုပ်ကြီးနှင့် သင်တန်းသား၊ သင်တန်းသူများထံ ထောက်ပံ့ပေးအပ်ပြီး ဘားအံပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးက သင်တန်းဆိုင်ရာများအား ရှင်းလင်းတင်ပြကာ သင်တန်းသား၊ သင်တန်းသူများက မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအကအလှများဖြင့် သီဆိုကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းသား၊ သင်တန်းသူများအား တစ်ဦးချင်း ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ ဒုံရင်းအခြေခံပညာအထက်တန်းကျောင်းနှင့် တွဲဖက်ဖွင့်လှစ်ထားသော စိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ယူနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ထိုသို့ ကြည့်ရှုအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများအား စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်း၏ ပညာသင်ယူမှုအခွင့်အလမ်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပညာရှင်များကို မွေးထုတ်ပေးနေခြင်းဖြစ်သည့်အတွက် ကျောင်းစည်းကမ်း၊ အဆောင်စည်းကမ်းများကို လိုက်နာပြီး အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်ဖြင့် ပညာကို ဆည်းပူးလေ့လာသင်ယူကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါကျောင်းရှိ စာသင်ခန်း၊ စာသင်ဆောင်၊ ကျောင်းသား၊ ကျောင်းသူအိပ်ဆောင်၊ သင်ထောက်ကူနှင့် ရေ၊ မီး၊ မိလ္လာ ပြည့်စုံလုံလောက်မှုရှိ/မရှိ ကြည့်ရှုစစ်ဆေးကာ လိုအပ်သည် များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်း(ဒုံရင်း)တွင် ကျောင်းသား၊ ကျောင်းသူများအား အဆောင်နေခွင့်ပေးထားပြီး နေထိုင်စားသောက်စရိတ်အခမဲ့ဖြင့် ပညာသင်ကြားပေးလျက်ရှိကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)