လွိုင်ကော် ဇွန် ၁၂
ကယားပြည်နယ်အစိုးရအဖွဲ့မှ ဌာနဆိုင်ရာဝန်ထမ်းများနှင့် နေရပ်ပြန်ပြည်သူများအား ထောက်ပံ့ငွေ၊ အခြေခံစားသောက်ကုန်၊ ဆောက်လုပ်ရေးပစ္စည်းနှင့် ရုံးသုံးစက်ကိရိယာပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် ပြည်နယ်ခန်းမ၌ပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် နိုင်နိုင်ဦး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တပ်နယ်မှဖိတ်ကြားထားသော တပ်မတော်အရာရှိများ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအသီးသီးမှ နေရပ်ပြန်ပြည်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ကယားပြည်နယ်အတွင်း အမြန်ဆုံး တည်ငြိမ်အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် တာဝန်ရှိသူအသီးသီးက ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လွိုင်ကော်မြို့တွင် လျှပ်စစ်မီး၊ ရေရရှိရေး၊ လမ်းပန်းဆက်သွယ်မှု ပြန်လည်ကောင်းမွန်စေရန် ဆောင်ရွက်ပေးလျက်ရှိပြီး နေရပ်ပြန်ပြည်သူများကို ကြိုဆိုလက်ခံရေးစခန်းများ ဖွင့်လှစ်ကာ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ၊ စားဝတ်နေရေးအတွက် လိုအပ်သည့်ထောက်ပံ့မှုများ၊ လုံခြုံရေးအစီအမံများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်သူများအနေဖြင့် လူမူစီးပွားဘဝများဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြန်လည်ကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ကြားနိုင်ရေး အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်လျက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုခံယူနိုင်ရေး ပြည်နယ်ပြည်သူ့ဆေးရုံကြီးကိုလည်း ဖွင့်လှစ်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတာဝန်ကျရာကဏ္ဍအလိုက် အောင်မြင်အောင် တက်တက်ကြွကြွဖြင့် စေတနာထားဆောင်ရွက်ကြရန်နှင့် ပြည်သူများအနေဖြင့်လည်း တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြား လိုကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်တို့က နယ်မြေတည်ငြိမ်အေးချမ်းမှု ရှိစေရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ပြည်သူလူထုနှင့် ဝန်ထမ်းများအား ကူညီဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ အသီးသီး အမှာစကားများ ပြောကြားခဲ့သည်။ ထို့နောက် ပြည်နယ်အတွင်း လုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် အခြေခံစားသောက်ကုန်များ ပေးအပ်ခြင်း၊ ပြန်လည်တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာသည့် ဌာနဆိုင်ရာဝန်ထမ်းများအတွက် ဆန်၊ ဆီ၊ ပဲ၊ ထောက်ပံ့ငွေနှင့် ရုံးသုံးစက်ကိရိယာများ ပေးအပ်ခြင်း၊ မြို့ပေါ်ရပ်ကွက်(၄)ခုနှင့် ကျေးရွာအုပ်စု တစ်စုမှ နေရပ်ပြန်ပြည်သူများအတွက် ဆန်၊ ဆီ၊ ထောက်ပံ့ငွေများ ပေးအပ်ခြင်း၊ ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် ဆန်၊ ဆီနှင့် ထောက်ပံ့ငွေ ပေးအပ်ခြင်း၊ သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်ရန်အတွက် ဘိလပ်မြေနှင့် သွပ်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ရာ တက်ရောက်လာသူများကိုယ်စား ကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြပြီး နေရပ်ပြန်ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ အခမ်းအနား တက်ရောက်လာသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် ကယားပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်မှုအနေဖြင့် စုစုပေါင်းထောက်ပံ့မှု တန်ဖိုးငွေကျပ်(၁၃၇,၉၈၆,၀၀၀)အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်\ဆက်)