အမာ ဇွန်လ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ မိုးရာသီတွင်ဖြစ်ပွားတတ်သော ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းရောဂါများကြိုတင်ကာကွယ်နိုင်ရေး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက အမာမြို့၊ မြို့ပေါ်ရပ်ကွက်များ၊ အခြေခံပညာအထက်တန်းကျောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းလွန်ကျောင်းများ၌ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် (၁၀) နာရီမှ စတင်ဆောင်ရွက်ခဲ့ရာ မွန်းလွဲ(၂)နာရီတွင် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းကို အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးပြည့်စုံဝင်း၏ဦးဆောင်မှုဖြင့်၊ ကျေးလက်ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးမှူး ဦးအောင်မြင့်ဦးနှင့်ကျန်းမာရေးဝန်ထမ်းများ၊ ဖျာပုံမြို့နယ်၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေးဌာနမှ တာဝန်ခံဆရာဦးသိန်းနိုင်ထွန်းနှင့်ဝန်ထမ်းများက လာရောက်ဖျန်းပေးပြီး၊ သွေးလွန်တုပ်ကွေးရောဂါ ပျံ့ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်နိုင်ရန် အမာမြို့(၁)ရပ်ကွက်ရှိ သီတာရာမမြို့ဦးကျောင်းတိုက်၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း၊ ရပ်ကွက်များအတွင်းရှိ လူနေအိမ်များ၌ ခြင်ဆေးများဖျန်းပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ခြင်ဆေးဖြန်းအဖွဲ့သည် အမာမြို့မှ ဖျာပုံမြို့သို့ပြန်ရာလမ်းတစ်လျှောက်တွင်ရှိသော ဘဝသစ်ကျေးရွာအုပ်စုအတွင်းရှိ အခြေခံပညာကျောင်းများကိုလည်း ခြင်ဆေးများဝင်ရောက် ဖြန်းပေးသွာမည်ဖြစ်ကြောင်း သိရသည်။
အမာ(ပြန်/ဆက်)
 
     
    