အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ

အိမ်မဲ ဇွန် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို အ.မ.က (မူလွန်) ဆိတ်ချေးကုန်းကျောင်းတွင် ယနေ့နံနက် (၁၀) နာရီ (၃၀) မိနစ်အချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ မူးယစ်ဆေးဝါးမြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် အကြောင်းအရာများ၊ ရှောင်ရှားမည့်အချက်များ၊ လိုက်နာရမည့်အချက်များတို့ကို အကျယ်တဝင့် ဟောပြောခဲ့သည်။ ထို့နောက် ကျောင်းသား/သူများအား မူးယစ်ဆေးဝါးနှင့် သက်ဆိုင်သည့် စာအုပ်များ၊ သုတ၊ ရသ ရရှိစေမည့် စာအုပ်၊ စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ကလေးအလုပ်သမားပပျောက်ရေး ဆောင်ရွက်ထားရှိမှု နံရံကပ်စာစောင်များကို ပြသထားရှိရာ ကျောင်းသား/သူ များက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဆရာ/မ များ၊ ကျောင်းသား/သူ များတက်ရောက်ခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် အသိပညာပေးဟောပြောပွဲများ၊ နံရံကပ်စာစောင်ပြပွဲများ၊ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲများကို ကျယ်ကျယ်ပြန့်ပြန့်ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)