စေတုတ္တရာ ဇွန် ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ မိုးရာသီကာလ အတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် ဌာနဆိုင်ရာများနှင့် စာသင်ကျောင်းများ၊ ဒေသခံပြည်သူများ အခမဲ့ရယူစိုက်ပျိုးနိုင်ရန်ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့မယာယီပျိုးဥယျာဉ်တွင်လူထုဖြန့် ပျိုးပင်ပေါင်း (၁၀၀၀၀) ပျိုးထောင်ထားကြောင်း သိရသည်။
သစ်ပင်များစိုက်ပျိုးခြင်းဖြင့် မြေဆီမြေဩဇာတိုးပွားစေပြီး အပူချိန်ထိန်းညှိပေးနိုင်ခြင်း၊ ရေလွှမ်းမိုးခြင်းကို ထိန်းသိမ်းပေးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်ရေး ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးရန်အတွက် ကျွန်း (၆၅၀၀)ပင်၊ ဗန်ဒါ (၅၀၀) ပင်၊ မယ်ဇလီ (၂၅၀၀) ပင်၊ ကုက္ကိုင် (၅၀၀) ပင် စုစုပေါင်းပျိုးပင် (၁၀၀၀၀) ပင်အား မြို့နယ်သစ်တောဦးစီးဌာန မြို့မယာယီပျိုးဥယျာဉ်တွင် ပျိုးထောင်ထားကြောင်း မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစွမ်းထက်ကိုထံက သိရသည်။
အဆိုပါပျိုးပင်များအား၊ ဌာနဆိုင်ရာများ၊ စာသင်ကျောင်းများနှင့် ဒေသခံပြည်သူများသို့ စုစုပေါင်းပျိုးပင် (၁၀၀၀၀) ကျော်အား အခမဲ့ဖြန့်ဝေပေးရန်ဖြစ်ပြီး မိုးရာသီကာလအတွင်း သစ်ပင်စိုက်ပျိုးရန် ပျိုးပင်များလိုအပ်သူများအနေဖြင့် အမှတ် (၁) ရပ်ကွက်ရှိ မြို့နယ်သစ်တောဦးစီးဌာနတွင် အခမဲ့သွားရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)
