ပဲခူး ဇွန် ၁၁
ပဲခူးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့၊ နံနက်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးဟောပြောပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လောကလူသားတိုင်း ဘဝအသက်ရှင် ရပ်တည်နိုင်ရေးအတွက် ရုန်းကန်ကြသည့်အခါ ပညာဆိုင်သည့် အရင်းအနှီးသည် အင်မတန်တန်ဖိုးကြီးမားကြောင်း၊ စာဖတ်ခြင်းမှ ခွဲခြားသိမြင်နိုင်သော အသိဉာဏ်ကို ရရှိနိုင်မှာဖြစ်ပြီး ကောင်းတဲ့သူနဲ့ မကောင်းတဲ့သူကို ပညာကခွဲခြားသတ်မှတ်ပေးနိုင်မှာဖြစ်ကြောင်း၊ ဆရာကြီးပီမိုးနင်းက “စိတ်ကိုအသိဉာဏ်က အုပ်စိုး၏၊ အသိဉာဏ်ကို ဗဟုသုတကအုပ်စိုး၏၊ ဗဟုသုတကို စာပေက အုပ်စိုး၏ဟု မိန့်ဆိုခဲ့သိကို မှတ်သားခဲ့ရကြောင်း၊ သစ်ပင်တစ်ပင်ရှင်သန်ရန်အတွက် ရေသောက်မြစ်လိုအပ်သလို လူငယ်ဟူသော သစ်ပင်အတွက် စာပေရေသောက်မြစ်သည် အဓိကလိုအပ်ချက်ဖြစ်သဖြင့် လူငယ်များ စာဖတ်ဝါသနာ ထက်သန်လာစေရန် နိုင်ငံတော်အစိုးရမှ တက္ကသိုလ်/ကောလိပ်များ၊ အခြေံပညာကျောင်းများ၊ ရပ်ကွက်များ၊ ကျေးရွာများတွင် စာကြည့်တိုက်များ တိုးတက်ဖွင့်လှစ်နိုင်ရေး၊ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအပြင် အခြေခံစာတတ်မြောက်ရေးကိုလည်း အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စာကြည့်တိုက်များသည် လူသားများအတွက် ဘဝတက္ကသိုလ်ကြီးအဖြစ် အလားသဏ္ဍာန်တူသဖြင့် လူငယ်မောင်မယ်များအနေဖြင့် စာပေများများ ဖတ်ရှုလေ့လာရန်လိုအပ်ပြီး စာဖတ်ရှိန်ကောင်းလာလျှင် ဖတ်သင့်သည့်စာနှင့် မဖတ်သင့်သည့်စာကို ခွဲခြားသိမြင်လာမှာဖြစ်ကြောင်း၊ သုတစာပေဖတ်ရှုခြင်းအားဖြင့် ဉာဏ်ပညာထက်မြတ်စေပြီး ရသစာပေဖတ်ရှုခြင်းအားဖြင့် နှလုံးစွမ်းအင်ကို ပြည့်ဝလာစေမှာဖြစ်ကြောင်း၊ ထူးချွန်သော လူငယ်မောင်မယ်များဖြစ်လာစေရေန် အမျှော်အမြင်ရှိခြင်း၊ မေတ္တာတရားရှိခြင်း၊ သတ္တိရှိခြင်း၊ အပြုသဘောမျိုးဆောင်ခြင်း၊ တီထွင်ဖန်တီးလိုစိတ်ရှိခြင်း၊ ဇွဲလုံ့လရှိခြင်းနှင့် စိတ်အားထက်သန်မှုရှိခြင်းစသည့် အချက်(၇)ချက်နှင့် ပြုမူနေထိုင်သွားကြရန် လိုအပ်ပြီး ကျောင်းစာတွင်သာမကဘဲ ဗလငါးတန်နှင့်ပြည့်စုံသော ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကြိုစားဆောင်ရွက်ကြစေလိုကြောင်းနှင့် မိမိတို့ဒေသအတွင် စာကြည့်တိုက်များဖွံ့ဖြိုးရှင်သန်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အမှတ်(၃)အခြေခံပညာ ကျောင်းသား/ သူများက “ပညာဘဏ်တိုက်စာကြည့်တိုက်” သီချင်းဖြင့်လည်းကောင်း၊ ပဲခူးတက္ကသိုလ်ကျောင်းသူလေးများက “မြန်မာမလေးပါရှင့်” သီးခြင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးဟောပြောပွဲတွင် တက်ရောက်ဟောပြောသည့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌ၊ တစ်သက်တာစာပေဆုရှင် အလင်္ကာကျော်စွာ စာရေးဆရာ မြင်းမူမောင်နိုင်မိုးနှင့် ပဲခူးမြို့နယ်၊ စာရေးဆရာအသင်းဥက္ကဋ္ဌ အမျိုးသားစာပေဆုရှင် ဝတ်ရည်ခင် (ပဲခူး) တို့အား ဂုဏ်ပြုလက်ဆောင်များကိုလည်းကောင်း၊ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည့် ကျောင်းသား/ သူများအား ဂုဏ်ပြုငွေများအားလည်းကောင်း အသီးသီးပေးအပ်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတက္ကသိုလ် စာကြည့်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာအုပ်စာပေများ ဝယ်ယူနိုင်ရေး ထောက်ပံ့ငွေကျပ်သိန်း(၃၀)အားလည်းကောင်း၊ တက်ရောက်ဟောပြောသည့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌ၊ တစ်သက်တာစာပေဆုရှင် အလင်္ကာကျော်စွာ စာရေးဆရာမြင်းမူမောင်နိုင်မိုးက ပဲခူးတက္ကသိုလ်စာကြည့်တိုက်အတွက် စာအုပ်များအား ပဲခူးတက္ကသိုလ် ပါမောက္ခချုပ် ဒေါ်အေးအေးခိုင်ထံ ပေးအပ်လှူဒါန်းခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးဟောပြောပွဲတွင် ခင်းကျင်းပြသထားသည့် သုတ/ ရသစာပေများအား လည့်လှည့်ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌ၊ တစ်သက်တာစာပေဆုရှင် အလင်္ကာကျော်စွာ စာရေးဆရာ မြင်းမူ မောင်နိုင်မိုးက “ဘဝထဲက စာပေ၊ စာပေထဲက ဘဝ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပဲခူးမြို့နယ်၊ စာရေးဆရာအသင်းဥက္ကဋ္ဌ အမျိုးသားစာပေ ဆုရှင်ဝတ်ရည်ခင်(ပဲခူး)က “မျိုးဆက်သစ်လူငယ်တို့ အနာဂတ်လှပဖို့” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ကြပြီး ကျောင်းသား/ သူများနှင့် ဉာဏ်စမ်းပဟေဠိမေးခွန်းမေးမြန်းခြင်း၊ ဖြေဆိုခြင်း ဆုချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)