သရက်ချောင်းမြို့၊ (အ.ထ.က) သရက်ချောင်းကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

သရက်ချောင်း ဇွန် ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က သရက်ချောင်းမြို့၊ (အ.ထ.က) သရက်ချောင်းကျောင်း (ပညာရတနာခန်းမ) ၌ ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဦးဇော်လွင်က ကျောင်းသား/သူများအား သွေးလွန်တုပ်ကွေးရောဂါဆိုင်ရာ ဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ‌ကာကွယ်ရေးနည်းလမ်းများအကြောင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ခတ်၊ လောင်း၊ ထောင်၊ ဖွင့်၊ စွန့်/မြှုပ်ရှင်း၊ မှုတ် စကားလုံးအရှည်ကောက်အဓိပ္ပါယ်များကို ရှင်းလင်းခြင်း၊ ရေကန်၊ ရေစည်၊ ရေပုံး၊ ရေအိုးစသည့်ပစ္စည်းများတွင် အဘိတ်ဆေးခတ်ရမည့် အတိုင်းအတာများအကြောင်း၊ ကျောင်းသား/သူများအနေဖြင့် မိမိကိုယ်တိုင်၊ မိမိအိမ်ရှိမိသားစုဝင်များ၊ အိမ်နီးနားချင်းများသွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသည်ဟု သံသယရှိပါက နီးစပ်ရာဆေးရုံး၊ ဆေးခန်းများသို့ အမြန်ဆုံးသွားရောက်ရန် စသည့်ဖြင့် ရှင်းလင်း‌ပြောကြားက ကျောင်းသား/သူများဖြင့် အပြန်အလှန်ဆွေးနွေးခဲ့သည်။

ပြည့်ဖြိုးပိုင် (ပြန်/ဆက်)