လှိုင်းဘွဲ ဇွန် ၁၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ အခြေခံပညာအထက်တန်းကျောင်း၊ ပန်းဝတ်မှုံခန်းမ၌ ယနေ့နံနက် (၁၀) နာရီအချိန်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၌ လှိုင်းဘွဲမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ဒုတိယရဲမှူး စိုင်းထွန်းထွန်းလတ်က ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုအန္တရာယ်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ သိကောင်းစရာများအကြောင်းကို ဟောပြောဆွေးနွေးခဲ့ပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများအား လူ့စွမ်းအားအရင်းအမြစ်တိုးတက်မြှင့်မားရေး၊ အသိပညာ၊ အတတ်ပညာ၊ နည်းပညာ၊ အသုံးချပညာများ၏ အရေးပါမှုအခန်းကဏ္ဍများ၊ ကလေး၊လူငယ်များတွင် ကြုံတွေ့နေကြရသည့် Game စွဲလန်းမှုပြဿနာများကို ကာကွယ်တားဆီးကြရမည့် နည်းလမ်းများအကြောင်းကို ပညာပေးဆွေးနွေးခဲ့သည်။
ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးရီက သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ဆောင်ရန်၊ ရှောင်ရန်အချက်များအကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေခဲ့ပြီးနောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းရန်နောင်က ကျားမအခြေပြုအကြမ်းဖက်မှု (GBV) အကြောင်းသိမှတ်စရာများကို အသိပညာပေးဟောပြောခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြင့် ခင်းကျင်းပြသပေးထားသော မူးယစ်ဆေးဝါးများ၏ ဆိုးကျိုးအန္တရာယ်များနှင့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း သိမှတ်ဖွယ်ရာ အသိပညာပေးနံရံကပ်စာစောင်နှင့် ဓါတ်ပုံမျးကို ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားဖြင့် လေ့လာကြည့်ရှုခဲ့ကြသည်။
စောဒိ (ပြန်/ဆက်)