ပိုင်ကျုံ ဇွန် ၁၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်ရှိ လူနေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းနှင့် အခြေခံပညာကျောင်းများတွင် ခြင်ပေါက်ဖွားမှုနှုန်း လျော့နည်းစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ယမန်နေ့က သက်ဆိုင်ရာတာဝန်ရှိသူများတို့မှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကျေးလက်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများစုပေါင်း၍ မိုးတွင်းကာလတွင် ပြည်သူများရက်ရှည်အသုံးပြုသည့် ရေစည်၊ ရေကန်များတွင် ပိုးလောက်လန်း ပေါက်ဖွားမှုမရှိစေရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်ဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ အိမ်တိုင်ရာရောက် လိုက်လံဆောင်ရွက်ပေးခဲ့သည်။
ထိုသိုဆောင်ရွက်ခြင်းကြောင့် မိုးရာသီကာလအတွင်း ခြင်ပေါက်ဖွားမှုနှုန်းလျော့နည်းစေပြီး ခြင်မှတဆင့်ကူးစက်တတ်သည့်ရောဂါများ ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ ကျန်းမာရေးဌာနအနေဖြင့် ခြင်မှတဆင့်ဖြစ်ပွားတတ်သည့်ရောဂါများ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများဆောင်ရွက်ပေးသည့်အပြင် အများပြည်သူများအဆင်ပြေစွာ အိမ်စက်အနားယူနိုင်ရေးအတွက် ဆေးစိမ်ခြင်ထောင်များလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
နော်ခူး (ပြန်/ဆက်)