လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

လိပ်သို ဇွန် ၁၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေ ဝါသနာပါသူအချင်းချင်း ရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာ ညီညီနိုင် ရေးသားသော “ပညာနှင့်ဘဝအောင်မြင်ရေးလမ်းညွှန်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၁ နာရီက  ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စောဝေါ်ကွောထူး (ရုပ်/သံ-၃)က စာပေဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတ တိုးပွားလာစေသည့်အတွက် ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများကိုပါ ဖတ်ရှုလေ့လာသင့်ကြောင်းနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် စာရေးဆရာ ညီညီနိုင်၏  “ပညာနှင့်ဘဝအောင်မြင်ရေးလမ်းညွှန်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ရာ Book Club အဖွဲ့ဝင် နော်အယ်နီငြိမ်းက “ပိုမိုထိရောက်သော စာဖတ်ခြင်း ” ခေါင်းစဉ်မှ “ စာမဖတ်ခင် စူးစမ်းလိုသောစိတ်ကို အရင်မွေးမြူသင့်ကြောင်း၊ မိမိဖတ်ရှုသည့် စာအကြောင်းအရာပေါ်၌ မေးခွန်းထုတ်တတ်ဖို့လည်းလိုကြောင်း၊ စူးစမ်း မေးခွန်းထုတ်ခြင်းအားဖြင့် စာထဲတွင် ပိုမိုစိတ်ဝင်စားစေပြီး အသေးစိတ် ထပ်ဖတ်လိုစိတ်ကို နှိုးဆွပေးမှာဖြစ်ကြောင်း ” စသည့် အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

စာရေးဆရာ ညီညီနိုင်၏ “ပညာနှင့်ဘဝအောင်မြင်ရေးလမ်းညွှန်” စာအုပ်အား စာဖတ်ဝိုင်း ပြုလုပ်ခြင်းဖြင့် အချိန်ကို စီမံခန့်ခွဲခြင်း နည်းဗျူဟာ၊ မိသားစုနှင့် ပတ်ဝန်းကျင် ဆက်ဆံရေး၊ စိတ်ဓာတ်ခိုင်မာရေး၊ ကျန်းမာရေး လမ်းညွှန် စသည့် အကြောင်းအရာများကို အသိပညာ ဗဟုသုတအနေဖြင့် သိရသည်။

ခင်လေးနွယ် (လိပ်သို)