တောင်တွင်းကြီး ဇွန် ၁၁
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ် လျော့နည်းသုံးစွဲစေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး၊ မြို့မဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်း(Campaign)နှင့်ပလတ်စတစ်ညစ်ညမ်းမှု လျော့ချရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်(၇)နာရီအချိန်က မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ မြို့မစျေး အကျိုးတော်ဆောင်အဖွဲ့များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား ဈေးဝယ်ယူရာတွင် လက်ဆွဲခြင်းများ၊ ထည့်စရာများ ယူဆောင်လာရန် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် အင်ဖက်၊ စက္ကူအိတ်များ အခမဲ့ဖြန့်ဝေခဲ့ကာ ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်အသုံးပြုမှု လျော့ချရေးအတွက် အသိပညာပေး(compaign) ပြုလုပ်ခြင်းကို အပတ်စဥ် တနင်္လာနေ့တိုင်းပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)