ကျိုက်လတ်မြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကျိုက်လတ် ဇွန် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းကစ၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ်အတွင်း လှိုင်းတာကျေးရွာအုပ်စု၊ ရွာမကျေးရွာရှိ အောင်မြေသုခ ဘုန်းတော်ကြီးကျောင်း၌ လှိုင်းတာ၊ လေးအိမ်တန်း၊ ဆင်တာ၊ ကျွဲကူးခရားရိုး၊ တောင်ဘို့ကြီးကျေးရွာအုပ်စုများမှတောင်သူများနှင့်တွေ့ဆုံ၍ ကြဲခင်းစနစ် လျော့နည်းပပျောက်စေရေးအတွက် လိုက်နာ ဆောင်ရွက်ကြရန်၊ Drum Seeder ဖြင့် စိုက်ပျိုးရန်၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)အချိန်ကိုက်ထည့်သွင်း အသုံးပြုကြရန်နှင့် သုံးသီးစိုက်ပျိုးရေး သီးနှံအထွက်နှုန်း တိုးတက်ရေးအတွက် စနစ်တကျ စိုက်ပျိုးကြရန် အသေးစိတ်ရှင်းလင်း ဆွေးနွေးမှာကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုလုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များသည် ကျိုက်လတ်မြို့နယ်၊ ဖောင်ရိုးချောင်းကျေးရွာအုပ်စု၊ ဘုရားလေးစု ကျေးရွာဓမ္မာရုံ၌ ဒေသခံတောင်သူများနှင့်တွေ့ဆုံကာ ကြဲခင်းစနစ်လျော့နည်းပပျောက်ရေး၊ ရေတော်မိုးတော် စိုက်ဧကများတွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ထည့်သွင်းမြှုပ်နှံရေး၊ ပြဌာန်းထားသော လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေများအား လိုက်နာကြရန် တောင်သူများနှင့် ဆွေးနွေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

လှိုင်မင်းအောင်