သံတောင်ကြီး ဇွန် ၁၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ ကျောင်းသူ၊ ကျောင်းသားများ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်စေရန်၊ စာဖတ်ခြင်းအလေ့အကျင်းကောင်းများရှိစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သံတောင်ကြီးမြို့အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းပြီး စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ လူငယ်နဲ့အခွင့်အလမ်းစာအုပ်ကို ယနေ့နံနက်(၉)နာရီအချိန်က အ.ထ.ကစာကြည့်တိုက်ခန်းမတွင် စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နော်လိုအေးက မှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နော်လော်မူမှ စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နော်နီလာအေးမှ ဦးဆောင်၍ စာရေးဆရာချစ်နိုင်၏လူငယ်နဲ့အခွင့်အလမ်းစာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ပေးရာ နော်မေသီရိ(Grade–9)ကျောင်းသူက စာအုပ်ပါအကြောင်းအရာတွင် ခေါင်းစဉ်ငယ်ဖြစ်သည့် လူငယ်နှင့်အခွင့်အလမ်း၊ နော်သီတာလင်း(Grade–9)ကျောင်းသူက အားတက်အောင် စကား လက်ဆောင်၊ စောပလိုဘယ်(Grade–9)ကျောင်းသားက အဆိုးနဲ့အကောင်း စသည့်အကြောင်းအရာများကို ဆွေးနွေးပြီးတက်ရောက်လာသည့် ကျောင်းသူ/ကျောင်းသားများက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
အဆိုပါစာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ လူငယ်နဲ့အခွင့်အလမ်းစာအုပ်ကို ဖတ်ရှုခြင်းဖြင့် အဆိုးအကောင်းအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ခြင်း၊ အတွေ့အကြုံဗဟုသုတများ တိုးပွားလာခြင်း၊ အချိန်ကိုတန်ဖိုးရှိစွာ အသုံးချတတ်လာခြင်းစသည့်အကျိုးကျေးဇူးများ ရရှိကြောင်း သိရသည်။
နော်နော်မူ
 
    