ပန်းတောင်း ဇွန် ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီအချိန်က အ.လ.က(မကြီးထုံး)ကျောင်းနှင့် အ.လ.က(ခွဲ)ခုံကြီးကျောင်းသို့ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် အသိပညာပေးဟောပြောပွဲလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေးက ဗလငါးတန်နှင့်ပြည့်စုံသော လူတော်၊ လူကောင်းများ ပေါ်ထွန်းလာစေရန် ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေမည့် စာအုပ်စာပေများကို လေ့လာဖတ်ရှုမှတ်သားကြရန် ပြောကြားခဲ့ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက စားသုံးသူအခွင့်အရေးများနှင့် ဥပဒေများအကြောင်း အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ရုပ်ပြပုံပြင်များပြောခြင်း၊ ကိုယ်ကာယလှုပ်ရှားမှု Activity လုပ်ငန်းစဥ်များလိုက်ပါဆောင်ရွက်စေခြင်းများပြုလုပ်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)
 
    