မိုးစပါးစိုက်တောင်သူ (၃၆၀၀) ကျော်အား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (မြိတ်ခရိုင်ဘဏ်ခွဲ) မှ စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း သုံးသောင်းကျော် စတင်ထုတ်ချေးပေး

မြိတ် ဇွန် ၁၁

လယ်ယာစိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် တောင်သူများအား အရင်းအနှီးများရရှိစေရေးအတွက် နိုင်ငံတော်မှ စိုက်ပျိုးစရိတ်ချေးငွေများကို နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ ယခုနှစ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (မြိတ်ခရိုင်ဘဏ်ခွဲ) မှ မြို့နယ် (၅) မြို့နယ်ရှိ မိုးစပါးစိုက်ပျိုးကြမည့် တောင်သူ (၃၆၀၀) ကျော်အား စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း သုံးသောင်းကျော်ကို စတင်ထုတ်ချေးပေးလျက်ရှိကြောင်း မြိတ်ခရိုင်ဘဏ်ခွဲမှ သိရသည်။

မြိတ်ခရိုင်ဘဏ်ခွဲမှ မြိတ်၊ ကျွန်းစု၊ တနင်္သာရီ၊ ဘုတ်ပြင်း၊ ကော့သောင်းမြို့နယ်များရှိ ယခုနှစ် မိုးစပါးစိုက် တောင်သူစုစုပေါင်း (၃၆၁၆) ဦးကို လယ်ဧက (၂၁၄၈၀) ဧကအတွက် (၃၂၂၂၀) သိန်း ထုတ်ချေးပေးရန်လျာထားပြီး တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများကို စတင်ထုတ်ချေး ပေးလျက်ရှိသည်။ ထို့သို့ ထုတ်ချေးပေးရာတွင် တောင်သူတစ်ဦးလျှင် လယ်တစ်ဧကတွင် ကျပ်တစ်သိန်းခွဲထုတ်ချေးပေး၍ အများဆုံး လယ် (၁၀) ဧကအထိ အတိုးနှုန်းကို တစ်နှစ်လျှင် (၅) ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း သိရသည်။

စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးရာတွင် ယမန်နေ့ နေ့လယ်ပိုင်းက မြိတ်မြို့နယ်ရှိ ကလွင်ကျေးရွာနှင့် ကျောက်ဖျာကျေးရွာ၊ ကျွန်းစုမြို့နယ်ရှိ ဒုံးပုလဲအော်ကျေးရွာတို့မှ တောင်သူများကို မြိတ်မြို့ရှိ အရှေ့ကျောင်းတွင် စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးခဲ့သည်။ ထိုသို့ထုတ်ချေးပေးရာ၌ မြိတ်ခရိုင်ဘဏ်ခွဲမန်နေဂျာ ဦးအေးကျော်က စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးသည့် စည်းကမ်းသတ်မှတ်ချက်များနှင့် မြန်မာ့အာမခံ လုပ်ငန်း မြိတ်ခရိုင်တာဝန်ခံ ဒေါ်ခင်သီတာဦးက ရာသီဥတုအညွှန်းကိန်း သီးနှံအာမခံ အကြောင်းအရာများကို ရှင်းလင်းကြားကြပြီး စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးခဲ့ကြသည်။

မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို မြိတ်မြို့နယ်တွင် တောင်သူ (၂၅၂၇) ဦး၊ ကျွန်းစုမြို့နယ်တွင် (၈၉၈) ဦး၊ တနင်္သာရီမြို့နယ်တွင် (၁‌၄၃) ဦး၊ ဘုတ်ပြင်းမြို့နယ်တွင် (၂၉) ဦး၊ ကော့သောင်းမြို့နယ်တွင် (၁၉) ဦးကို မြို့နယ်များအလိုက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ ချေးငွေများထုတ်ပေးမှုအနေဖြင့် ယနေ့အချိန်တွင် မြိတ်ခရိုင်ဘဏ်ခွဲအနေဖြင့် တောင်သူ (၆၃၀) ဦး၏ လယ် (၄၀၇၉) ဧကအတွက် (၆၁၁၈.၅၀) သိန်းကို တောင်သူများအား ထုတ်ချေးပေးပြီး ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)