တက္ကသိုလ်ဝင်စာမေးပွဲတွင် မြိတ်မြို့နယ်၌ (၆) ဘာသာဂုဏ်ထူးရှင် (၂) ဦး အပါအဝင် ဂုဏ်ထူးရ ကျောင်းသား/သူ (၁၁၈) ဦးရှိပြီး အောင်မြင်သူ (၆၂၁) ဦးရှိ

မြိတ် ဇွန် ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် (၂၀၂၃-၂၀၂၄) ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဖြေဆိုခဲ့ကြသော ကျောင်းသား/သူများတွင် (၆)ဘာသာ ဂုဏ်ထူးရှင်(၂)ဦးအပါအဝင် ဂုဏ်ထူးများဖြင့် အောင်မြင်ခဲ့ကြသော ကျောင်းသား/သူ (၁၁၈) ဦးရှိကာ အောင်မြင်သူ စုစုပေါင်း (၆၂၁) ဦးရှိခဲ့ပြီး အောင်ချက်ရာခိုင်နှုန်းအနေဖြင့် (၅၃.၈၁) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

(၂၀၂၃-၂၀၂၄) ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို မြို့နယ်ပညာရေးမှူးရုံး အပါအဝင် စာစစ်ဌာနကျောင်းများတွင် ယနေ့ နံနက်ပိုင်းက ထုတ်ပြန်ကြေညာပေးခဲ့သည်။ စာမေးပွဲအောင်မြင်သူများတွင် ခြောက်ဘာသာဂုဏ်ထူးရှင် (၂) ဦး၊ ငါးဘာသာဂုဏ်ထူးရှင် (၉) ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၂) ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် (၇) ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၂၈) ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၇၀) ဦးရှိကြကာ စုစုပေါင်း ဂုဏ်ထူးရရှိသူ (၁၁၈) ဦးရှိသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို မြိတ်မြို့နယ်မှ ၀င်ရောက်ဖြေဆိုခဲ့ကြသည့် ကျောင်းသား/သူများတွင် စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ (၁၁၅၄) ဦး၌ (၆၂၁) ဦးအောင်မြင်ခဲ့ကြ၍ အောင်ချက် ရာခိုင်နှုန်းအနေဖြင့် (၅၃.၈၁) ရာခိုင်နှုန်း ရရှိခဲ့ကြောင်း၊ (၆) ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသူများမှာ ကန်စွန်းအင်းကိုယ်ပိုင်ကျောင်းမှဖြစ်ပြီး (၅) ဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသူများမှာ ကန်စွန်းအင်းကိုယ်ပိုင်ကျောင်းမှ (၅) ဦး၊ အ.ထ.က(ခွဲ) အ.လ.က (၁၀) မှ (၁) ဦး၊ မြင့်မိုရ်ကိုယ်ပိုင်ကျောင်းမှ (၁) ဦးနှင့် အ.ထ.က (၂) မှ (၂) ဦးတို့ ဖြစ်ကြကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )