တောင်တွင်းကြီးမြို့နယ်ရှိ စက်စက်ယိုချောင်း ရေစီးရေလာကောင်းမွန်စေရန် ပြန်လည်တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်

တောင်တွင်းကြီး ဇွန် ၁၁

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်း ရေကြီးရေလျှံမှုများမဖြစ်ပေါ်စေရေး စက်စက်ယိုချောင်း ရေစီးရေလာကောင်းမွန်စေရန် ပြန်လည်တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် စက်စက်ယိုချောင်းအား အပိုင်းသုံးပိုင်းခွဲ၍ ပြန်လည်တူးဖော်လျက်ရှိပြီး တောင်တွင်းကြီးမြို့အဝင် ရေဦးကျွန်းတောတံတားမှ အထက်အလျား ပေ (၃၀၀၀)အား  စံညွှန်းသစ်ကုမ္ပဏီမှလည်းကောင်း၊ မူလလက်ရှိ စက်စက်ယိုချောင်းလမ်းကြောင်း အုန်းတောရေလွှဲဆည်အထက် အလျားပေ (၁၀၀၀၀)အား လျှံလျှံကုမ္ပဏီမှလည်းကောင်း၊ အုန်းတောရေလွှဲဆည်မှ အောက်ဘက်အလျားပေ (၁၂၀၀၀) သဲနုန်းတူးဖော်ခြင်းနှင့် ချောင်းလမ်းကြောင်းများ ရှင်းလင်းခြင်းကို Champion Crown Company မှလည်းကောင်း တာဝန်ယူတူးဖော်ခြင်းများ ဆောင်ရွက်လျက်ရှိရာ တစ်ပိုင်းလျှင် ချောင်းအဝအကျယ် ၃၆ ပေ ၆ လက်မ၊ ချောင်းအောက်ခြေအကျယ် ၂၀ ပေ ၆ လက်မ၊ အနက် (၈)ပေရှိပြီး နုန်းမြေများတူးဖော်ခြင်း၊ သစ်ပင်၊ ချုံနွယ်များ ရှင်းလင်းခြင်း ဆောင်ရွက်လျက်ရှိသည်။

အဆိုပါလုပ်ငန်းများကို ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တိုင်းဒေသကြီး ရန်ပုံငွေဒေသန္တရစီမံချက်ဖြင့် ခွင့်ပြုရန်ပုံငွေ သိန်း ၂၉၀၀ ကျပ် အကုန်ကျခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

ရန်နောင်စိုး(ပြန်/ဆက်)