မြို့သစ် ဇွန် ၁၁
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရန်အတွက် ပန်းအလှပင်နှင့် အရိပ်ရ သစ်ပင်များစိုက်ပျိုးခြင်းကို ယမန်နေ့ညနေပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် အဖွဲ့ဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။
အဆိုပါ ပန်းအလှပင်များစိုက်ပျိုးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများက မြို့အဝင်ဆိုင်းဘုတ်နှင့် မြို့ဦးလမ်း၊ လွတ်လပ်ရေးပန်းခြံရှေ့တို့တွင် ပန်းအလှပင်များဖြစ်သည့် ဗိုလ်ကတော်ပင်များ စိုက်ပျိုးခြင်း၊ စိုက်ပျိုးပြီးအပင်များ ရှင်သန်မှုရှိစေရန်အဖွဲ့ပိုင် ရေသယ်မော်တော်ယာဉ်ဖြင့် ရေလောင်းပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်းသာယာလှပရေးအတွက် ပန်းအလှပင်များ စိုက်ပျိုးခြင်း၊ အရိပ်ရအပင်များစိုက်ပျိုးခြင်းနှင့်အတူ ဒေသခံပြည်သူတို့၏ ကျန်းမာရေးနှင့် ညီညွတ်စေရန် မြို့ပေါ်ရှိဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်နေပြည်သူများ၏ စွန့်ပစ်ပစ္စည်းများအား အမှိုက်သိမ်း မော်တော်ယာဥ်ဖြင့် နေ့စဉ်သိမ်းဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
သန်းဝင်းထွန်း ( မြို့သစ်)
 
     
    